ပဲခူး၊ ဒီဇင်ဘာ ၉
MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် "ထုတ်လုပ်မှုစွမ်းဆောင်ရည်မြှင့်တင်ရေး"သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူးမြို့) သင်တန်းခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်မာသက်မှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံအတွင်းလိုအပ်လျှက်ရှိသော ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရန်၊ လုပ်သားများကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းတွင် ဝင်ရောက်ဖြေဆိုမည့်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်နှင့် အထောက်အပံ့ကောင်းများဖြစ်စေရန်အတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူး)တွင် သင်တန်းများကို စာတွေ့၊ လက်တွေ့သင်ခန်းစာများ သင်ကြားပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းသည်လည်း သင်တန်းသား၊သင်တန်းသူများအတွက် များစွာသော အကျိုးကျေးဇူးများ ရရှိမှာဖြစ်သည့်အတွက် ကြိုးစားတက်ရောက်လေ့လာသင်ယူပေးကြရန်လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာမ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း)ဆရာမကြီး ဒေါ်ခင်မာအေးမှ သင်တန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ ထုတ်လုပ်မှုစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအား ဒီဇင်ဘာလ(၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသူ(၂၂)ဦးတက်ရောက်ကာ ဝါရင့်ကျွမ်းကျင်နည်းပြဆရာများမှ ကုန်ထုတ်စွမ်းအား၏ အခြေခံသဘောတရားများ၊ 5Sမှ တဆင့်ကုန်ထုတ်စွမ်းအား၊ HRစီမံခန့်ခွဲမှု၊ အရည်အသွေးထိန်းချုပ်မှု၊ ခေါင်းဆောင်မှု၊ စေ့ဆော်မှု၊ ဘေးကင်းရေးနှင့်ကျန်းမာရေး၊ အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ စုစုပေါင်းအရည်အသွေး၊ ကုန်ထုတ်စွမ်းအားနှင့် ဘဝအရည်အသွေး၊ ကုန်ထုတ်စွမ်းအားမြှင့်တင်ရန် လေ့ကျင့်ရေးစနစ် စသည့်အကြောင်းအရာများကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment