ထားဝယ်၊ ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများ အချင်းချင်းပူးပေါင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများက ဦးဆောင်ကျင်းပသော ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ထားဝယ်မြိူ့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ချမ်းသာကြီးကျောင်းဆရာတော် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် ကရင်တိုင်းရင်းသားကိုယ်စားလှယ်တော်ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ သဘာပတိအဖွဲ့များက စင်မြင့်ပေါ်တွင် နေရာယူကြပြီး ချမ်းသာကြီးကျောင်းဆရာတော် ဦးသုန္ဒရ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက နိုင်ငံတော်အလံ နှင့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတော်အား ဦးညွတ်အလေးပြုခဲ့ကြကာ ကက်သလစ် ဘုန်းတော်ကြီး ဖာသာဂျိုးဇက်သိန်းခင်က ကြိုဆိုနူတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် မှ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဖတ်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလာခဲ့သည်မှာ (၈၇)နှစ်ကြိမ်တိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သည် ကရင်တိုင်းရင်းသားလူမျိုးများ၏ အထွဋ်အမြတ်ထားကြသော အကြီးအကျယ်ဆုံး ပွဲတော်လည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသား မျိုးနွယ်စုပေါင်းများစွာ တည်ရှိလျက်ရှိရာ လူမျိုးတစ်မျိုး ရေရှည်တည်တံ့စေရန်အတွက် မိမိတို့လူမျိုးများ၏စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများကို စောင့်ထိန်းလိုက်နာရန်နှင့် လက်ဆင့် ကမ်းထိန်းသိမ်း စောင့်ရှောက်ရန် အထူးပင်လိုအပ်လှပါကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသ၏ ဂုဏ်ယူဝင့်ကြွားဖွယ်ရာဖြစ်သော အမွေအနှစ်များ၊ ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ကြရန်လိုအပ်ကြောင်း၊ ဒါ့ကြောင့် ကရင်တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းပြီး ကရင်တိုင်းရင်း သားမောင်မယ်များထံသို့ စနစ်တကျ လက်ဆင့်ကမ်းအမွေများ ပေးအပ်နိုင်ရေး ဆောင်ရွက်ကြရန်၊ မိမိတို့ဒေသရှိ သမိုင်းအမွေအနှစ်များ၊ ယဉ်ကျေးမှုများစသည်တို့ကို အခြေခံပြီး ရပ်ရွာမှသည် နိုင်ငံတော်အဆင့်ထိ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရန်၊ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး သည်နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးအား ဒီထက်မက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယနေ့ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခါသမယမှသည် ကရင်လူမျိုးစုများအားလုံး မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားရေးလက္ခဏာများ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အဆက် ပါဝင်ဆောင်ရွက်လာကြသည့်အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကြပြီး တိုင်းပြည်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် အခြားသောတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် လိုအပ်ကြောင်း၊ ကရင်လူမျိုးစုများနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှများ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြ၍ ချမ်းမြေ့သာယာရှိကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားသည်။
ယင်းနောက် ရန်ကုန်(ဗဟို) ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပရေးကော်မတီမှ ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဖတ်ကြားပြီး တာဝန်ရှိသူများက မြန်မာဘာသာနှင့်ကရင်ဘာသာဖြင့် ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအား တင်ပြကြကာ တိုင်းရင်းသား ဦးစောအောင်ထွဋ်က ကျေးဇူးတင်စကားပြောကြား ပြီးတိုင်းရင်းသားများက ကရင်ဒုံးအက၊ ကရင်အမျိုးသားသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကာ အခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment