ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်ပေးထားမှုအခြေအနေများနှင့် ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများ ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်ပေးထားမှုအခြေအနေများနှင့် ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများ ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး









နေပြည်တော်၊ ဒီဇင်ဘာ ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများလိုက်ပါ၍ ယမန်နေ့က ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။

ထိုသို့ အားပေးစကားပြောကြားရာတွင် ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သောအရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည်လည်း အဖွဲ့ဝင်များလိုက်ပါ၍ သားဖွားမီးယပ်နှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသလျက်ရှိသည့် တပ်မတော်သား မိသားစုဝင်များကို တစ်ဦးချင်းရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံအားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများဖြစ်သည့် သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် ယုဇနမြိုင်တို့သို့ ရောက်ရှိကြပြီး ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှေးဟောင်းအဆောက်အဦများဖြစ်သည့်အတွက် မူလပုံစံမပျက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည့်အခြေအနေများ၊ ထိန်းသိမ်းမှုဆောင်ရွက်ရာတွင် ထည့်သွင်းအသုံးပြုရန်လိုအပ်သည့် ပရိဘောဂများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ရှေးဟောင်းလက်ရာပစ္စည်းများကိုသာ အတတ်နိုင်ဆုံး ရှာဖွေထည့်သွင်းသုံးစွဲရန်လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ဧည့်ရိပ်သာများ၏အတွင်းပိုင်းနှင့်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် ပြင်ဦးလွင်မြို့ရှိ အခြားရှေးဟောင်းအဆောက်အဦများကိုလည်း စနစ်တကျထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဆောင်ရွက်သွားရန်အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)