မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၃
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များကို ဆွတ်ခူးရယူနိုင်ခဲ့သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့် (၅) နေရာ၌ ရပ်တည်နိုင်ခဲ့သဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အောင်ပွဲရ အားကစားအသင်းများအား ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မျက်ခင်းပြင်၌ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အောင်ပွဲရအားကစားအသင်းများအား ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅)ခုအနက် အဆင့် (၅)နေရာကို အစွမ်းကုန်ကြိုးစား ရယူပေးနိုင်ခဲ့ပြီး ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်ခဲ့သည့်အတွက် ပြည်နယ်ဂုဏ်ဆောင်များအဖြစ် မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ မိမိတို့မျှော်မှန်းထားသည့် ရွှေတံဆိပ်အရေအတွက် ပြည့်မီခဲ့ခြင်း မရှိခဲ့သော်လည်း ပြိုင်ပွဲတိုင်းတွင် အားကစားအသင်းများ၏ အရည်အချင်းပြည့်ဝမှု၊ စိတ်ဓာတ်ကောင်းမွန်မှုတို့ကို ပြိုင်ဘက်အသင်းများ ၏လေးစားမှုနှင့်အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့သည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ထို့အပြင် ကချင်ပြည်နယ်၏အားကစားကဏ္ဍ ပိုမိုတိုးတက်မြင့်မားရေးနှင့် ဆက်လက်ပြီးအရှိန်အဟုန်ကောင်းများဖြင့် အောင်မြင်မှုရရှိရေးကို အားလုံးက ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်အားကစားအဖွဲ့ခေါင်းဆောင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များ ဆွတ်ခူးရယူနိုင်ခဲ့မှု အခြေအနေများနှင့် ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က အားကစားနည်းများအလိုက် ရွှေတံဆိပ် (၁၆) ခု၊ ငွေတံဆိပ်(၁၁)ခုနှင့် ကြေးတံဆိပ်(၂၂)ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသော တစ်ဦးချင်းအားကစားသမားများနှင့် အသင်းလိုက်/ အဖွဲ့လိုက်ရရှိသော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၅၀၀)ကျော်အားလည်းကောင်း၊ အလှူရှင်များကလည်း ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့ကြရာ အားကစားအသင်းများကိုယ်စား ရွှေတံဆိပ်ဆုရအားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားအသင်းများအလိုက် အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများက တေးဂီတဖျော်ဖြေမှုများ၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုညစာကို အတူတကွရင်းနှီးနွေးထွေးစွာ သုံးဆောင်ခဲ့ကြသည်။
ကချင်ပြည်နယ်အနေဖြင့် ကျင်းပပြုလုပ်ပြီးစီးခဲ့သော အမျိုးသားအားကစားပွဲတော်(၅)ကြိမ်အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ရရှိမှုအနေဖြင့် ၁၉၉၂ ခုနှစ်၊ ပထမအကြိမ်တွင် အဆင့် (၈)၊ ၁၉၉၄ ခုနှစ်၊ ဒုတိယအကြိမ်တွင် အဆင့်(၉)၊ ၁၉၉၇ ခုနှစ်၊ တတိယအကြိမ်တွင် အဆင့် (၇)နှင့် ၂၀၁၅ ခုနှစ်၊ စတုတ္ထအကြိမ်တွင် အဆင့် (၁၂)ရရှိခဲ့ရာ ယခုနှစ် ၂၀၂၄ ခုနှစ်တွင် ရွှေတံဆိပ် (၁၆) ခု၊ ငွေတံဆိပ် (၁၁)ခုနှင့် ကြေးတံဆိပ်(၂၂)ခုတို့ဖြင့် ဆုတံဆိပ်စုစုပေါင်း(၄၉)ခုကို ရရှိခဲ့သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် (၅) နေရာတွင် ရရှိခဲ့ကြောင်းနှင့် ပြည်နယ်အားကစားအသင်းများမှ ဂျူဒို၊ ကရာတေး၊ ပြေးခုန်ပစ်၊ ဝူရှူး၊ ဖူဆယ်အားကစားသမားများကို နိုင်ငံ့လက်ရွေးစင်ပဏာမအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment