မန္တလေးမြို့တော်ညဈေးသစ်မှာ အပန်းဖြေ အနားယူသူများနှင့် စည်ကားလာရာ မနော်ရမ္မံ ကွင်းလုံးပြည့် ဈေးဆိုင်ခန်းများနှင့် ဖွင့်ပွဲမတိုင်မီကတည်းက ပြည့်လျှံလို့နေပါတယ်။ ဒီဇင်ဘာ ၂၇ရက် ညနေပိုင်းမှာတော့ ဖွင့်ပွဲအခမ်းအနားကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့သော စက်တင်ဘာလအတွင်းက ဈေးဆိုင်များ စုံလင်စွာဖွင့်လှစ်နိုင်ခြင်းမရှိသေးသော် လည်း ဈေးဆိုင်များ စတင်ဖွင့်လှစ်နေပြီဖြစ်ရာ မိုးလေကင်းလွတ်သည့် တန်ဆောင်တိုင် နောက် ပိုင်းကာလတွင် တဖြည်းတဖြည်းဆိုင်ခန်းများ ပြည့်လာပြီးနောက်ပိုင်း ညဈေးသစ်မှာ ပိုမို စည်ကားလာခြင်းဖြစ်သလို ယခုရက်ပိုင်း လူမှု ကွန်ရက်တွင် မနော်ရမ္မံညဈေး လည်ပတ်စား သောက်ပုံများကို ခပ်စိပ်စိပ် တွေ့ရှိလာခဲ့ပါတယ်။
မကြာမီဖွင့်လှစ်တော့မယ့် မြို့တော်ညဈေးသစ်ကို အထင်ကရ မနော်ရမ္မံဥယျာဉ်မြောက်ဘက် ၆၂လမ်းအနောက်၊ ၃၉လမ်းကနေ ၄၁ လမ်းအထိ ဧရိယာ ၅၃ဝ၇၃ စတုရန်းပေနှင့် ပလက်ဖောင်းဧရိယာ ၂၅၄၂၅ စတုရန်းပေ အပါ အဝင် စုစုပေါင်း စတုရန်းပေ ၇၈၄၉၈ အကျယ် ရှိ ကွင်းပြင်ပေါ်တွင် Win Hap Co.,Ltd က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
ဒီဇင်ဘာလရဲ့ နေ့တာတိုပြီး ညတာရှည် ကာလများရောက်ချိန်မှာ ဆိုင်ခန်းပေါင်း ၃၇၃ ခန်းကို နေရာချထားပြီး ဆိုင်ခန်းအားလုံး ဖွင့်လှစ်ရောင်းချနေပါတယ်။ ဖွင့်လှစ်ရောင်းချသည့် ဆိုင်ခန်းအားလုံးမှာလည်း ဆိုင်လုံးပြည့်စည်ကားနေပြီး မနော်ရမ္မံကွင်းလုံးမှာ ပြည့်လျှံနေသလို လမ်းဘေးဆိုင်ခန်းများမှာလည်း ညနေ ၆ နာရီ ဝန်းကျင် ဆိုလျှင် ၆၂လမ်း မြောက်မှတောင်သွား လမ်း အခြမ်းမှာ ညဈေးလာ ကားများ၊ ဆိုင်ကယ်များနဲ့ လမ်းပြည့်ကျပ်လို့နေပါတော့တယ်။
မြို့တော်ညဈေး ဆိုင်ခန်းများကို ဇုန်များခွဲကာ စားသောက်ဆိုင်တန်းဇုန်၊ စားသောက်ဆိုင် ဇုန်မှာလည်း စားသုံးသူတွေ အဆင်ပြေအောင် အဖျော်ယမကာပါတဲ့ ဆိုင်တန်း၊ မပါတဲ့ ဆိုင်တန်း ခွဲထားပေးတယ်။ အဝတ်အထည်ဖက်ရှင် တန်းဇုန်၊ ရေသုံးစွဲမှုမရှိတဲ့ အမှတ်တရပစ္စည်း ဆိုင်တွေအပြင်၊ လူငယ်များ အကြိုက်ဖျော်ဖြေ ရေးတွေနဲ့ စည်ကားသလို တစ်ဈေးလုံး မီးလင်း ထိန်နေအောင် စီစဉ်ပေးထားလို့ ဈေးသည်၊ ဈေးဝယ် အဆင်ပြေလှပါတယ်။
မြို့တော်ညဈေးမှာ အတွင်းတန်းနှင့် အပြင်တန်းရှိပြီး မြို့တော်ညဈေးကွင်းထဲမှာတော့ မာလာရှမ်းကော၊ မာလာမောက်ချိုက်ဆိုင်၊ မာလာဟင်းဆိုင်များ၊ အကင်ဆိုင်များနှင့် အမျိုးသမီးများကြိုက်တတ်သည့် ဈေးဆိုင်တန်းအားလုံးနီးပါး ဆိုင်အပြည့် စားသောက်အပန်းဖြေနေသူများ၊ မိသားစုလိုက် လာရောက်ကြတာကို တွေ့ရပါတယ်။
ခေတ်ရေစီးကြောင်းအရ Solf-Drink သောက်သုံးရင်း Unplugged Coversong တွေ ကို ခံစားနားဆင်ရင်း အပန်းဖြေစရာအကောင်းဆုံး နေရာလေးဖြစ်လို့လာတာမို့ မြို့တော်ညဈေးကို နေ့တိုင်းလာချင်အောင် ဆွဲဆောင်နေပါတော့တယ်။
သို့ပေမယ့် စီနီယာ မန္တလေးသားကြီးများက တော့ ၈၄လမ်းက ညဈေးကိုလွမ်းနေကြသလို ခေတ်သစ်မန္တလေးသားလေးတွေကတော့ အစားအသောက်ပုံစံအပြောင်းအလဲမှာ အသားကျလို့နေတာကို ဆိုင်နာမည်ခပ်ဆန်းဆန်းများနဲ့ အထာကျလို့နေတာကို တွေ့ရပါတယ်။
မန္တလေးမြို့ခံများ၏ ဧည့်သည်ကိုလိုက်ပို့ ပေးရတဲ့ လည်ပတ်စရာနေရာဆိုရင်လည်း ညဈေး တန်းကအပါအဝင် ဖြစ်ပါတယ်။ မန္တလေးညဈေး တန်းဆိုလိုက်တာနဲ့ စာအုပ်၊ စာပေအသစ်များ၊ အဟောင်းများကို တစ်နေရာတည်းရှာဖွေရရှိနိုင် သလို အမြည်းစားရင်း ထိုးမုန့်ဆိုင်တန်းလေးကိုတော့ လျှောက်ဖူးတိုင်း သိကြပါတယ်။
မန္တလေးမြို့၏ နှစ်သစ်မကူးခင် ဖွင့်လှစ်မယ့် မြို့တော်ညဈေးကတော့ နှစ်သစ်ကူးရုံးပိတ်ရက်တွေ ကျောင်းပိတ်ရက်တွေနဲ့ ပွဲတော်အကြိုရက်တွေမှာ ဈေးဝယ်ယူသူများနှင့် စည်ကားလေ့ရှိသည်မှာ အစဉ်အလာတစ်ခု ဖြစ်လို့နေပါတယ်။
ယခုခေတ်မှာတော့ ညဈေးတန်းဆိုတာ စား သောက်တန်းတစ်ခုအဖြစ်သာ တွေ့မြင်ရတော့ တယ်။ အရင်တုန်းက ဈေးချိုနာရီစင်အနီး ည ဈေးကတော့ လိုချင်တာအကုန်ရတဲ့ နေရာတစ်ခုပါ။
စားလို့သောက်လို့လည်းရ၊ လမ်းလည်းလျှောက်လို့ကောင်း၊ ဧည့်သည်လာရင်လည်းလိုက်ပို့ရတဲ့ အထင်ကရနေရာသစ်တစ်ခု ဖြစ်လို့လာပါတယ်။ အဓိက မြို့တော်ညဈေးမှာ အညာအစားအစာများတော့ မတွေ့ရဘဲ ရှမ်းအစားအစာ၊ တရုတ်အစားအစာ၊ ထိုင်းအစားအစာ၊ ကိုရီးယားအစားအစာများ နေရာ ယူလာတာ တွေ့ရပါတယ်။ အစားတစ်လိုင်းဆို သူများအတွက်ကတော့ တစ်နေရာတည်းမှာ အစားမျိုးစုံရရှိနိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
မိသားစုလိုက် လာရောက်အပန်းဖြေသူများအတွက်ကတော့ အမျိုးသားများအတွက် ကော့တေးဘား၊ ဘီယာဆိုင်များရှိပြီး အမျိုးသမီးများအကြိုက် စားသောက်တန်းကြီးများရှိသလို ကလေးငယ်များအတွက် ဆော့ကစားနိုင်တဲ့ မီနီအားကစားကွင်း ကလေးအရုပ်ဆိုင်လေးများ စုံလင်စွာရှိတာမို့ မိသားစုတစ်စုလုံး ပျော်ရွှင်ရတဲ့ နေရာလေးတစ်ခုလို့ ဆိုချင်ပါတယ်။
မြို့တော်ညဈေးအတွင်းမှာ ထူးထူးခြားခြား Unplugged ဝိုင်းနှင့်အတူ တေးသံသာများနဲ့ ဖျော်ဖြေပေးတာနဲ့အတူ ကော့တေးဆန်းဆန်းလေးတွေ ကို မြည်းစမ်းရင်း တစ်နေ့တာပင်ပန်းမှုကို လာရောက်အပန်းဖြေကြတဲ့ လူငယ်လေးတွေကို Night Market Bar ဆိုတဲ့ ဆိုင်လေးမှာ ဆိုင်အပြည့် အားပေးနေကြတာကို တွေ့ရသလို Tik Tok ဆော့သူများအတွက် မျက်စိကျစရာ ဆိုင်အပြင်အဆင်၊ အလှအပများကြောင့်လည်း စည်ကားလို့နေပါတယ်။
မန္တလေးမြို့ ညဈေးတန်းဆိုတာ မန္တလေးရဲ့ လူမှုစီးပွားရေးအခြေအနေများကို ထင်ပေါ်ထင်ဟပ် စေသလို လက်ရှိအချိန်မှာတော့ မန္တလေးမြို့တော်ကြီးမှာ လုံခြုံအေးချမ်းသာယာတဲ့ မြင်ကွင်းတွေကို ဖော်ပြနေပါတယ်။
လက်ရှိကာလမှာတော့ မန္တလေးညဈေးသစ်မှာ ခေတ်ကာလအရ ပြောင်းလဲလာသည့် မုန့်ဆိုင်တန်းများနှင့်အတူ စာအုပ်အဟောင်းဆိုင်လေးများ၊ မန္တလေးဒေသထွက်ထိုးမုန့်၊ လမုန့်တန်းများ၊ အမရပူရဒေသထွက် ပိုးပုဆိုးများ၊ ပိုးထည်များ၊ အမှတ်တရအင်္ကျီထည်လေးများ၊ ကလေးကစားစရာ အရုပ်ဆိုင်လေးများကို တွေ့မြင်ရလျှင် ပြည့်စုံတဲ့ မြို့တော်ညဈေးလေး ဖြစ်လာပါမယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံက မန္တလေးမြို့နဲ့ ညီအစ်မမြို့တော် ချင်းမိုင်မြို့က ညဈေးတန်းမှာလည်း ဒေသအစားအစာများနှင့် အဝတ်အထည်ဆိုင်များက နိုင်ငံခြားသားခရီးသွားများကို ဆွဲဆောင်နေသလို ဈေးနှုန်းလည်း သက်သာတာကြောင့် ညစဉ် နိုင်ငံခြားသားများဖြင့် ပိုမိုစည်ကား နေတာဖြစ်ပါတယ်။
ယခုမန္တလေးမြို့တော် ညဈေးကလည်း စားသောက်ဆိုင်ကြီးများထက် ဈေးနှုန်းသက်သာသလို ပေါ့ပေါ့ပါးပါး စားသောက်နိုင်လို့ ညနေ ကတည်းက စတင်စည်ကားနေတာကို တွေ့ရပါတယ်။
မန္တလေးမြို့တော်ညဈေး Public Area မှာ ဖျော်ဖြေရေးအစီအစဉ်များကို ညစဉ် တင်ဆက် ပေးနေတာကလည်း ညဈေးကို နေ့တိုင်းစည်ကားနေအောင် ဆွဲဆောင်သလို ဖြစ်ပါတယ်။ နောင်အလျဉ်းသင့်ပါက မန္တလေးအထင်ကရ ပြယုဂ် ဖြစ်တဲ့ မြန်မာမှု အကအလှများ၊ တပင်တိုင်ခြင်းလုံး အလှခတ်ကစားမှုများကို ထည့်သွင်းနိုင်လျှင် နိုင်ငံခြားသား ဧည့်သည်တော်များကို ဆွဲဆောင် နိုင်ပါလိမ့်မယ်။
ရွှေမန်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment