အိမ်မဲ၊ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းကြီး၏ (၅၄)ကြိမ်မြောက် စုပေါင်းကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မြို့မလူငယ်လေ့ကျင့်ရေးဘောလုံးကွင်း(သဲကွင်း)၌ ယမန်နေ့နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သွင်စိုးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဖတိုးမှုတ်ခြင်းနှင့် ဖားစည်တီးက၍ ဖွင့်လှစ်ခဲ့ကာ တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတို့အား စုပေါင်းအလေးပြုခဲ့ကြသည်။
ဆက်လက်ပြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးနာယကကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်ကိုယ်စား အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်သွင်စိုးက အဖွင့်အမှာစကားများနှင့် ကျင်းပရေးကော်မတီဒုတိယဥက္ကဋ္ဌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်က အမှာစကားများကို အကျယ်တဝင့်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဒေါက်တာသန်းဌေးက ဘောလုံးပြိုင်ပွဲဖွင့်လှစ်ကြောင်း ကြေငြာပေးပြီး ဘောလုံးပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
“အိမ်မဲမြို့နယ်မှာကျင်းပတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်မှာ ထည့်သွင်းကျင်းပတဲ့ ဘောလုံးပြိုင်ပွဲမှာ ဘောလုံးအသင်း (၂၄)သင်းရှိပါတယ်၊ တစ်နေ့ (၃)ပွဲ ကစားရမှာပါ။ ပွဲတော်များအနေနဲ့ကတော့ ဒီဇင်ဘာ (၂၉) ရက်နေ့ညမှာ ကရင်ဒုံးယိမ်းအက၊ ကရင်ဝတ်စားဆင်ယင်မှုပြိုင်ပွဲ၊ (၃၀)ရက်နေ့ မနက် (၅)နာရီ (၃၀)မိနစ်မှာ ကရင်အမျိုးသားအလံတင်အခမ်းအနား၊ (၆) နာရီ (၃၀)မိနစ်မှာ သက်ကြီးပူဇော်ပွဲ၊ (၇)နာရီ (၁၅)မိနစ်မှာ ဟောပြောပွဲများနဲ့ ညဘက်မှာတော့ ဆုပေးပွဲနဲ့ စင်တင်စတိတ်ရှိုးပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်းပွဲတော်ကျင်းပရေးကော်မတီဝင် ဒေါက်တာမောင်မောင်စိုး ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ် (အိမ်မဲ)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment