နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်







ကူမင်း၊ ဒီဇင်ဘာ ၁၃

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်လျက် ဝန်ကြီးဌာန (၁၂)ခုမှ အစိုးရကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များလိုက်ပါသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၀-၁၂-၂၀၂၄ ရက်တွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Wyndham Grand Plaza Hotel ၌ ကျင်းပပြုလုပ်သည့် သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့သည်။ 

 ကူမင်းမြို့တွင်ရောက်ရှိနေစဉ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ယူနန် ပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ မစ္စတာဟူတဖန်နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့သည့် အပြင် အဆိုပါဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။ မိန့်ခွန်းပြောကြားရာတွင် အဓိကအားဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံ အကြားတည်ရှိပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန်နှင့် ယူနန်ဖိုရမ်ယန္တရား အောက်တွင် မြန်မာနှင့် ယူနန်ပြည်နယ်တို့အကြား အပြန်အလှန်အကျိုးရှိစေမည့်  ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားရေးတို့ကို ပြောကြားခဲ့သည်။

 ထို့အပြင် ဝန်ကြီးဌာနကိုယ်စားလှယ်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် အုပ်စု ဆွေးနွေးမှုများသို့ တက်ရောက်ခဲ့ကာ မြန်မာဘက်မှ ဦးဆောင်ဆွေးနွေးသူများအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များကလည်းကောင်း၊ တရုတ်ဘက်မှ ဦးဆောင်ဆွေးနွေးသူများအဖြစ် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးတို့မှ ကိုယ်စားလှယ်များ ကလည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအုပ်စုဆွေးနွေးမှုများ၌ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အကြား စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ လျှပ်စစ်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားလာမှုကဏ္ဍများ မြှင့်တင်ရေး၊ ချစ်ကြည်ရေးညီအစ်မမြို့များ တည်ထောင်မှု မှတစ်ဆင့် နှစ်ဖက်ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှု တိုးမြှင့်ဖော်ဆောင်ရေးကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည်။

 အဆိုပါ အုပ်စုဆွေးနွေးမှုများအပြီးတွင် မြန်မာဘက်မှ ကိုယ်စားလှယ်ခေါင်းဆောင်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တရုတ်ဘက်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ယူနန်ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူးတို့က ဖိုရမ်ဆိုင်ရာ အစည်းအဝေးမှတ်တမ်းကို နှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြသည်။ 

 ဆက်လက်၍ ဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

 မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၂-၁၂-၂၀၂၄ ရက်၊ မွန်းလွဲပိုင်းတွင် ကူမင်းမြို့ရှိ Kunming Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးနှင့် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံးတို့မှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)