နေပြည်တော်၊ ဒီဇင်ဘာ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းတိုင်တပ်နယ် နယ်မြေခံသင်တန်းကျောင်းများရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းများမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက အမှာစကားပြောကြားရာတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံတိုင်းသည် မိမိနိုင်ငံကိုကာကွယ်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြကြောင်း၊ စစ်မှုထမ်းများသာမက အခြားသောကဏ္ဍအသီးသီးမှာလည်း နိုင်ငံတော်ကာကွယ်ရန် တာဝန်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြဋ္ဌာန်းထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ အာဏာတည်စေခဲ့သည့်အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကိုသာ ဥပဒေနှင့်အညီ ဗဟိုအဖွဲ့မှအတည်ပြုခန့်အပ်ပေးလျက်ရှိသည့် အခြေအနေများ၊ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသူများကိုလည်း စစ်ပညာများကို စနစ်တကျသင်ကြားပေးလျက်ရှိပြီး အဆိုပါပညာရပ်များဖြင့် အဖျက်သမားများရန်မှ ကာကွယ်သွားကြရမည့်အခြေအနေများ၊ တာဝန်ကျရာတပ်ရင်း/တပ်ဖွဲ့များသို့ ရောက်ရှိတာဝန်ထမ်းဆောင်ရာတွင်လည်း ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို စစ်သည်တော်ကောင်းတစ်ဦးပီသစွာ လိုက်နာနေထိုင်သွားရန်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိအောင် လေ့ကျင့်နေထိုင်သွားရန်နှင့် နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုအပ်သည့်အခြေအနေများ၊ သင်တန်းကျောင်းများမှ လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် စစ်ပညာများကို စနစ်တကျလေ့ကျင့်သင်ကြားသွားရန်၊ စစ်မြေပြင်တွင် ထိထိရောက်ရောက်အသုံးချရန်နှင့် စည်းကမ်းတကျလိုက်နာနေထိုင်သွားကြရန် လိုအပ်သည့်အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် ယနေ့နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်ကြရတော့မည့် သင်တန်းဆင်းစစ်သည်တော်များနှင့် စစ်သည်တော်လောင်းများဖြစ်ရန် သင်တန်းတက်ရောက်နေသည့် သင်တန်းသားများအားလုံးတို့သည် နိုင်ငံ့သားကောင်းရတနာများဖြစ်ကြောင်း၊ သစ္စာ (၄) ချက်အား နေ့စဉ်ရွတ်ဆိုရသည့် နိုင်ငံတော်နှင့်တပ်မတော်အပေါ်၊ မိမိရဲဘော်ရဲဘက်အချင်းချင်းအပေါ်နှင့် မိမိမိသားစုဝင်များအတွက် ကတိသစ္စာပြုစောင့်ထိန်းကြသူများဖြစ်ကြ၍ မိမိကိုယ်ကို မိမိဂုဏ်ယူကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အလံကို မိမိလက်နှင့် ကိုယ်တိုင်ထိတွေ့ပြီး သစ္စာ ၄ ချက်ကို ရွတ်ဆိုထားသူများဖြစ်သည့်အတွက် ၎င်းသစ္စာ ၄ ချက်အပေါ်တွင် သစ္စာစောင့်သိ၊ သစ္စာရှိရန်လိုကြောင်း၊ မိမိနိုင်ငံအပေါ်၊ မိမိနိုင်ငံသားများအပေါ်၊ မိမိတပ်မတော်သားများအပေါ်တွင် သစ္စာစောင့်သိသွားကြရန်လိုကြောင်း၊ ထို့အပြင် စစ်သည်အချင်းချင်းအပေါ်တွင်လည်း ရဲဘော်စိတ်ထားရှိရန်လိုကြောင်း၊ “ရဲဘော်စိတ်” ဆိုသည်မှာ ရဲဘော်အချင်းချင်းအပေါ် ထားရှိသောမေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားများဖြစ်၍ သေအတူရှင်မကွာဆိုသည့်စိတ် သာအတူနာအတူဆိုသည့် စိတ်ထားခံယူချက်များ ထားရှိသွားရန်လိုအပ်ကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေအရဖြစ်စေ၊ မိမိစိတ်ဆန္ဒအရဖြစ်စေ၊ တပ်မတော်တွင်းသို့ ဝင်ရောက်လာကြသူများအား တပ်မတော်၌ စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရာတွင် သိသင့်သိထိုက်သည့်၊ ရှိသင့်ရှိထိုက် သည့်စစ်ပညာရပ်များကို အခြေခံမှစ၍လိုအပ်သလို စနစ်တကျသင်ကြားလေ့ကျင့် ပေးပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းများအနေဖြင့် စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်အပါအဝင် အခြားသောစစ်ပညာရပ်များကို စနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို စနစ်တကျအသုံးချသွားရန်လိုကြောင်း၊ အခြေခံစစ်အတတ်ပညာများကို လေ့ကျင့်သင်ကြားပေးရာတွင် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုသည် အရေးကြီးကြောင်း၊ အမိန့်နာခံမှုရှိမှသာ အထက်မှပေးအပ်သည့် ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာတွင် တိကျအောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားပေးသည့် စစ်ပညာရပ်များအပေါ် အသေးအဖွဲ့ဟူ၍ သဘောမထားဘဲ အလေ့အကျင့်မှအလေ့အထဖြစ်သည်အထိ စွဲမြဲစွာလုပ်ဆောင်သွားကြရန်လိုကြောင်းနှင့် လေ့ကျင့်သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို တာဝန်ထမ်းဆောင်ရာတွင် လက်တွေ့ကျကျထိရောက်စွာ အသုံးချသွားရန်လိုကြောင်း။
ခေတ်ကာလအဆက်ဆက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြသည့် တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ရန် မိမိတို့၏စိတ်ဆန္ဒများဖြင့် ဝင်ရောက်တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ အရပ်သားဘဝ အလွှာပေါင်းစုံမှ တပ်မတော်အတွင်းသို့ ဝင်ရောက်လာကြသူများဖြစ်သော်လည်း ယခုအခါတူညီသော အစိမ်းရောင်ယူနီဖောင်းဝတ်ဆင်၍ စစ်ပညာရပ်များကို အတူတူစုပေါင်း၍ သင်ကြားလေ့ကျင့်ပြီးသူများဖြစ်သည့်အတွက် အရောင်အသွေးတူ၊ အတွေးအမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်တူညီသူများ ဖြစ်လာကြပြီးဖြစ်၍ နောင်တော်တပ်မတော်သားများနှင့်လက်တွဲကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဂုဏ်ယူစွာဖြင့် ကျေပွန်စွာထမ်းဆောင်သွားကြရတော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်က ယုံကြည်အားကိုးရသည့် နိုင်ငံ့သားကောင်းများ၊ မိသားစုက လေးစားတန်ဖိုးထားရသည့် ပြည်သူ့သားကောင်းများအဖြစ် ကြိုးစားနေထိုင်သွားကြရန်လိုကြောင်း။
တပ်မတော်သားဘဝကို ရရှိခံယူထားကြပြီးသူများဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို ၂၄ နာရီ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံသားကောင်းရတနာများဖြစ်ကြောင်း၊ " Once a Soldier always a Soldier” ဆိုသည်နှင့်အညီ တစ်ကြိမ်စစ်သားဖြစ်ပြီးပါက အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စိတ်ဓာတ်များ ခံယူထားရမည်ဖြစ်ပြီး အဆိုပါစိတ်သည် တပ်မတော်သားများ၏ မွန်မြတ်သည့်ခံယူချက်စိတ်ထားဖြစ်ကြောင်း၊ တပ်မတော်၏မွန်မြတ်သည့် အစဉ်အလာကောင်းများကို ထိန်းသိမ်းလိုက်နာပြီး နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်း။
နိုင်ငံတော်တွင် အရေးပေါ်အခြေအနေနှင့်ကြုံတွေ့ရတိုင်း နိုင်ငံတော်မပျက်မယွင်း၊ မပြိုကွဲအောင်ထိန်းသိမ်းနိုင်သည်မှာ ကျစ်လျစ်ခိုင်မာအင်အားတောင့်တင်းသည့် တပ်မတော်တစ်ရပ်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းရွက်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေး ပြည့်ဝခိုင်မာ နေရန်အထူးလိုအပ်ကြောင်း၊ ယခုအခါ ပြည်တွင်း၊ ပြည်ပအဖျက်သမားအင်အားစုများသည် တပ်တွင်းစည်းလုံးညီညွတ်မှုပျက်ပြားစေရန်ရည်ရွယ်၍ နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက်နေချိန်ဖြစ်၍ မိမိတို့အနေဖြင့် ကျောချင်းကပ်၊ ရင်ချင်းအပ်သည့်စည်းလုံး ညီညွတ်မှုရှိရေးသည် အသက်တမျှအရေးကြီးကြောင်း။
နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကိုဖွင့်လှစ်ခဲ့ရာ ယနေ့အချိန်အထိ သင်တန်းအမှတ်စဉ် (၆) အထိ အောင်မြင်စွာဖွင့်လှစ်သင်ကြားပေး နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းဆင်း နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအနေဖြင့် တပ်ရင်း/တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြရာ ပေးအပ်သည့်တာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည့်အတွက် နိုင်ငံတော်မှချီးမြှင့်သည့် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များရရှိလာခဲ့ကြသည်ကိုလည်း ဂုဏ်ယူဖွယ်ရာတွေ့ရှိရကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့တပ်မတော်သားတစ်ဦးချင်းသည် မည်မျှပင် နိုင်ငံတော်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ချင်သည်ဖြစ်ပါစေ ကျန်းမာရေးချို့ယွင်းချက်ရှိမည်ဆိုပါက မည်သို့မျှလုပ်ကိုင်ဆောင်ရွက်နိုင်မည်မဟုတ်သည့်အတွက် ကျန်းမာရေးကောင်းမွန်ရန် အထူးပင်အရေးကြီးကြောင်း၊ မိမိကိုယ်ကို ကျန်းမာကြံ့ခိုင်မှုရှိအောင် စနစ်တကျနေထိုင် စားသောက်သွားရန်လိုကြောင်း၊ သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းများအနေဖြင့် သင်တန်းကျောင်းမှလေ့ကျင့် သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာကို အမြဲမပြတ်လေ့ကျင့်လိုက်နာပြီး ကောင်းစွာအသုံးချသွားကြရန်နှင့် နိုင်ငံတော်၊ တပ်မတော်နှင့်မိမိ မိသားစုက ဂုဏ်ယူတန်ဖိုးထားရသည့် နိုင်ငံ့သားကောင်း စစ်သည်တော်ကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံ သွားရန်လိုအပ်ကြောင်းဖြင့် မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအတွက် လက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment