နေပြည်တော် , ဒီဇင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မျိုးချစ်စိတ်ဓာတ်ထက်သန်စေရေးအကြောင်းအရာများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးများ ထက်မြက်စေရန်နှင့် ပူးပေါင်းပါဝင်တတ်သည့် စိတ်ဓာတ်ရှိစေရန်ရည်ရွယ်၍ ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများကဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးအတွက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အားကစားပြိုင်ပွဲများကျင်းပပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲနှင့် ပြိုင်ပွဲများသို့ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပြီး ပြိုင်ပွဲများအပြီးတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး သုတ/ရသစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment