မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား “Customs Regulation - အကောက်ခွန်စည်းမျဉ်းစည်းကမ်း” ဆိုင်ရာ ပူးတွဲဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား “Customs Regulation - အကောက်ခွန်စည်းမျဉ်းစည်းကမ်း” ဆိုင်ရာ ပူးတွဲဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၂၄

မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား “Customs Regulation အကောက် ခွန်စည်းမျဉ်းစည်းကမ်း” ဆိုင်ရာ ပူးတွဲဆွေးနွေးပွဲကို ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်၊ အကောက် ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများမြှင့်တင်ရန်၊ ဒေသတွင်းစီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ရေးအတွေ့အကြုံ များဖလှယ်ရန်ရည်ရွယ်၍ ယမန်နေ့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ Video conference စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မျက်မှောက်ခေတ်ကာလ၌ နိုင်ငံတကာကုန်သွယ်မှု လုပ်ငန်းစဉ်များ တိုးတက်များပြားလာသောကြောင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေ ရေးလုပ်ငန်းစဉ်များကို နည်းပညာအသုံးပြု၍ ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ အကောက်ခွန် လုပ်ငန်းစဉ်များအားခေတ်မီ၍ လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ထားရှိမှု၊ မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား အကောက်ခွန်စည်းမျဉ်း စည်းကမ်းများဆိုင်ရာ အတွေ့အကြုံကောင်းများ ဖလှယ်ရန်တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဥရောပအာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr. Eldar Alisherov က ဥရောပအာရှ စီးပွားရေးသမဂ္ဂအနေဖြင့် ပြည်ပစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြတင်းတစ်ပေါက် စနစ် တိုးတက်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ အဖွဲ့ဝင်များအကြား ညှိနှိုင်းဆောင်ရွက်မှု အခြေအနေနှင့် ပြတင်းတစ်ပေါက် စနစ် အကောင်အထည်ဖော်ရာတွင် ဥရောပအာရှစီးပွားရေး ကော်မရှင်၏ လုပ်ငန်းအစီအစဉ်များကို ပြောကြားသည်။

ဆက်လက်၍ ဥရောပအာရှ စီးပွားရေးကော်မရှင်၊ အကောက်ခွန်ဥပဒေနှင့် ဥပဒေစိုးမိုးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Mr. Grigor Ohanyan က “ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ တစ်ခုတည်းသော အကောက်ခွန် စည်းမျဉ်းစည်းကမ်းခေါင်းစဉ်” ဖြင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအတွင်း ကျင့်သုံးလျက်ရှိသည့် အကောက်ခွန် စည်းမျဉ်းစည်းကမ်းများနှင့် ပြဋ္ဌာန်းထားသည့် အကောက်ခွန် ဥပဒေများကို ရှင်းလင်းဆွေးနွေးပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လင်းမြိုင်က “မြန်မာနိုင်ငံ၏ အကောက်ခွန်စည်းမျဉ်း စည်းကမ်းစနစ်” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ အကောက်ခွန်ဥပဒေများ၊ အကောက်ခွန်ဦးစီးဌာနမှ ကောက်ခံပေးလျက်ရှိသော အခွန်အခများ၊ အကောက်ခွန်စည်းကြပ်ရာတွင် အဓိကကျသော ကဏ္ဍ(၃)ရပ်နှင့် အကောက်ခွန် လုပ်ထုံးလုပ်နည်းများကို ရှင်လင်းတင်ပြကြသည်။

ထို့နောက် ဥရောပအာရှ စီးပွားရေးကော်မရှင်ဘက်မှ Mr. Grigor Ohanyan က “ပြည်ပ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း လုပ်ထုံးလုပ်နည်းများတွင် ပြတင်းတစ်ပေါက်စနစ် အသုံးပြုမှု ခေါင်းစဉ်” ဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ ပြတင်းတစ်ပေါက် စနစ်ယန္တရားနှင့် ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အလားအလာများကို လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းထက်အောင်က မြန်မာ့ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System- MACCS)၊ နိုင်ငံတော် ၏ ပြတင်းတစ်ပေါက်စနစ်တို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဥရောပအာရှ စီးပွားရေးကော်မရှင်၊ အကောက်ခွန် အာဏာပိုင်များနှင့် အကောက်ခွန်ဆိုင်ရာ အခြေခံအဆောက်အအုံ သတင်းအချက်အလက်စနစ်များ ပေါင်းစည်းရေးဌာနမှ ဌာနမှူး Mr. Vladimir Badeynov က “အကောက်ခွန်ကဏ္ဍတွင် နိုင်ငံအချင်းချင်း အီလက်ထရွန်နစ် သတင်းအချက်အလက်ဖလှယ်ရေး အကောင်အထည်ဖော်မှုဆိုင်ရာ အချက်အလက်ဖလှယ်မှု ခေါင်းစဉ်” ဖြင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂတွင် အသုံးပြုနေသော နည်းလမ်းများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အကောက် ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူကျော်က အာဆီယံပြတင်းတစ်ပေါက် စနစ်ဆောင်ရွက်မှုများ၊ အာဆီယံနိုင်ငံများ၏ ပြတင်းတစ်ပေါက် စနစ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ အီလက်ထရွန်နစ် သတင်းအချက်အလက် ဖလှယ်မှုများကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဖြေကြားကြသည်။

ဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား အလားတူဆွေးနွေးပွဲများဖြစ်သည့် ငွေကြေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ စက်မှုအခြေပြုစိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲများကို ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)