ရန်ကုန်၊ ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ အီလက်ထရွန်းနစ်ဗီဇာ (e-Visa) မိတ်ဆက်ခြင်းအကြောင်း ၁၂-၁၂-၂၀၂၄ ရက်နေ့ ကြေညာချက်တွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ မြန်မာစံတော်ချိန် မနက် ၀၉း၃၀နာရီ (သို့) ထိုင်းစံတော်ချိန် မနက် ၁ဝးဝဝနာရီမှ စတင်ပြီး မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံတွင်လက်ရှိနေထိုင်လျက်ရှိသော အခြားနိုင်ငံသားများအတွက်ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်ဗီဇာလျှောက်ရာတွင် e-Visaစနစ်အသစ်ဖြင့် ဗီဇာအမျိုးအစားအားလုံး အတွက်ဖော်ပြပါလင့် https://www.thaievisa.go.th/ တွင်သာလျှောက်ထားနိုင်တော့မည် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
အသေးစိတ်အချက်အလက်များကို ဖော်ပြထားသောဝက်ဘ်ဆိုဒ်တွင်ဝင်ရောက်လေ့လာ နိုင်ပါကြောင်း၊ ဗီဇာလျှောက်ထားသူများသည် ပတ်စပို့နှင့် ဗီဇာလျှောက်ရန်လိုအပ်သော စာရွက်စာတမ်းများအား ထိုင်းသံရုံးသို့ လူကိုယ်တိုင်လာရောက်တင်ပြရန် မလိုတော့ကြောင်း အသိပေးထားသည်။
e-Visaဖြင့် ဗီဇာလျှောက်လွှာများတင်သွင်းပြီးပါက ဗီဇာကြေး (USD ငွေသား)အား ထိုင်းသံရုံး ဗီဇာကောင်တာ၌ ချိန်းဆိုထားသောရက်တွင် မနက် (၉းဝဝ မှ ၁၁း၃ဝ)နာရီ အတွင်း လာရောက်ပေးသွင်းနိုင်ပါကြောင်း၊ သံရုံးမှဗီဇာကြေးပေးချေရန်အတွက် အွန်လိုင်းဘိုကင်စနစ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ထပ်မံကြေငြာပေးသွားမည်ဖြစ်ကြောင်း၊ ဗီဇာလျှောက်ရန်လိုအပ်သော စာရွက်စာတမ်းများအားတင်ပြပြီး ဗီဇာကြေးလာရောက်ပေးသွင်းပြီး ပါက e-Visaစနစ်တွင် ဗီဇာလျှောက်လွှာများအား စိစစ်အကဲဖြတ်ရန်ကြာချိန်သည် ၁၀ရက်မှ ၁၅ရက်ခန့်ကြာမြင့်မည် ဖြစ်ကြောင်း၊ သတိပြုရန်မှာ ဗီဇာလျှောက်ထားသူများသည်စာရွက်စာတမ်းများ အပြည့်အစုံမတင်သွင်းခြင်း(သို့) စာရွက်စာတမ်းအတုများ တင်သွင်းခြင်းများပြုလုပ်ပါက ထိုဗီဇာလျှောက်လွှာအား ပယ်ချမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဗီဇာလျှောက်လွှာအား အတည်ပြုပြီးပါက လျှောက်ထားသူသည် အတည်ပြုအီးမေးလ်ရရှိမည်ဖြစ်ပြီး ထိုအတည်ပြု အီးမေးလ်အား လေဆိပ်နှင့် ထိုင်းလဝကအားပြသရန် ပရင့်ထုတ်ယူထားရမည်ဖြစ်ကြောင်း၊ ထိုင်းသံရုံးသည် လက်ရှိတွင်ဖော်ပြပါလင့် https://www.thaiconsularyangon.com/visa, ဖြင့် ဗီဇာရက်ချိန်းယူထားသူများအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ရက် နေ့အထိသာ လျှောက်လွှာများအားလက်ခံ သွားမည်ဖြစ်ပြီး e-Visa စနစ်အပြောင်းအလဲပြုလုပ်ခြင်းအား ပြင်ဆင်ရန်အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နေ့မှ ၃၁ ရက်နေ့အထိ ဗီဇာလျှောက်လွှာများအားလက်ခံ တော့မည်မဟုတ်ကြောင်း အသိပေးကြေညာထားခြင်း ဖြစ်သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment