တိုကျို၊ ဒီဇင်ဘာ ၁၁
အီကေဘားနားနိုင်ငံတကာအဖွဲ့အစည်းမှ ကြီးမှူး၍ တိုကျိုမြို့အခြေစိုက် အီကေ ဘားနား နိုင်ငံတကာပြပွဲ ၂၀၂၄ (IKEBANA International Fair 2024) အား ၁၀-၁၂-၂၀၂၄ ရက် (အင်္ဂါနေ့) တွင် တိုကျိုမြို့ရှိ Royal Park Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ တိုကျိုမြို့မှ မြန်မာ့ရိုးရာလက်မှုပစ္စည်းများအား ပါဝင်ခင်းကျင်း ပြသရောင်းချခဲ့ပါသည်။ အဆိုပါဈေးရောင်းပွဲသည် အီကေဘားနားနိုင်ငံတကာအဖွဲ့အစည်း၏ ဂုဏ်ထူးဆောင် နာယကလည်းဖြစ်သော ဂျပန်တော်ဝင်မိသားစုဝင် မင်းသမီး Takamado ၏ကြီးကြပ်မှုဖြင့် ကျင်းပသည့် ပွဲဖြစ်သည်။
အဆိုပါ IKEBANA International Fair 2024 သို့ ဂျပန်ဝန်ကြီးချုပ်၏ဇနီး Mrs. Yoshiko Ishiba ၊ အစိုးရအဖွဲ့အတွင်းရေးမှူးချုပ်၏ဇနီး Mrs. Yuko Hayashi ၊ တိုကျိုမြို့ အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံအမတ်ကြီးများ၏ ဇနီးများ၊ ဂျပန်နိုင်ငံသားများ အပြင် စိတ်ပါဝင်စားသူအများအပြား လာရောက်ကြည့်ရှု့ခဲ့ကြပါသည်။ အဆိုပါပြပွဲသို့ ဂျပန်နိုင်ငံရှိ စီးပွားရေးကုမ္ပဏီများ၊ အဖွဲ့အစည်းများအပြင် အာရှ၊ ဥရောပ၊ အာဖရိက၊ အရှေ့ အလယ်ပိုင်း နှင့် တောင်အမေရိကဒေသနိုင်ငံများရှိ သံရုံးများမှ ပြခန်းများနှင့် ဆိုင်ခန်းများ ဖွင့်လှစ်၍ ရိုးရာအစားအသောက်များ၊ ရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများအား ပါဝင်ပြသ ရောင်းချခဲ့ကြသည်။
IKEBANA International Fair 2024 ဖွင့်ပွဲအခမ်းအနားတွင် IKEBANA International Tokyo Founding Chapter ဥက္ကဋ္ဌ Mrs. Momoyo Shimatani ၊ ဝန်ကြီးချုပ်၏ ဇနီး Mrs. Yoshiko Ishiba နှင့် ၂၀၂၄ ခုနှစ် IKEBANA International Fair ၏ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ် သံအမတ်ကြီးဇနီး THAI Thu Hong တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
IKEBANA International Fair 2024 တွင် မြန်မာသံရုံးမှ ပြခန်းတစ်ခန်းဖွင့်လှစ်၍ မြန်မာ့ယဉ်ကျေးမှု ရိုးရာယွန်းထည်ပစ္စည်းများ၊ မြန်မာ့တွင်းထွက် လက်ဝတ်ရတနာများ၊ ငွေထည်ပစ္စည်းများ၊ ကျောက်စိမ်းလက်ဝတ်ရတနာများ၊ မြန်မာ့ရွှေချည်ထိုး၊ ငွေချည်ထိုး လက်မှုအသုံးအဆောင်များ၊ မြန်မာ့သစ်ဖြင့် ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့ပိုးနှင့် ချည်ထည်အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့ကော်ဖီထုတ်ကုန်များ၊ မြန်မာ့ သစ်သားအား ဂျပန်နည်းပညာကို အသုံးပြု၍ ထုတ်လုပ်ထားသည့် လူသုံးကုန်ပစ္စည်းများ စသည်တို့ကို ခင်းကျင်းပြသ ရောင်းချခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ သဘာဝအလှ အပများ၊ ခရီးသွားလုပ်ငန်းသတင်းအချက်အလက်များပါဝင်သည့် လက်ကမ်းစာစောင်များ ကိုလည်း လာရောက်ကြည့်ရှု့သူများအား ဖြန့်ဝေခဲ့ပါသည်။ ဈေးရောင်းပွဲတော်မှ ရရှိသည့် အမြတ်ငွေများအား ဂျပန်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ထိခိုက် ခံစားရသူများသို့ လှူဒါန်းသွားမည် ဖြစ်သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment