သည်ဟိတ်ဂ်၊ ဒီဇင်ဘာ ၁၁
ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်၊ ခရိုအေးရှားနိုင်ငံတို့နှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန် နိုင်ငံ၊ သည်ဟိတ်ဂ်မြို့၊ Peace Palace ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice- ICJ) မှ ဒီဇင်ဘာလ ၂ ရက်မှ ၁၃ ရက်အထိ ကျင်းပလျက်ရှိသည့် ရာသီဥတုပြောင်းလဲမှု တွင် နိုင်ငံများ၏ တာဝန်ရှိမှု (Obligations of States in respect of Climate Change) အပေါ် တရားရုံးအကြံပြုသုံးသပ်ချက် (Advisory Opinion) တောင်းခံခြင်းဆိုင်ရာ ကြားနာပွဲများသို့ တက် ရောက်၍ ယနေ့ ၉-၁၂-၂၀၂၄ ရက်(တနင်္လာနေ့)၊ ၁၁၀၀ နာရီမှ ၁၁၃၀ နာရီ အထိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ နှုတ်ဖြင့်တင်သွင်းချက် (Oral Statement) ကို ဖတ်ကြားတင်သွင်းမှုပြု ခဲ့သည်။
မြန်မာနိုင်ငံမှ ဖတ်ကြားသည့် နှုတ်ဖြင့်တင်သွင်းချက်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံမှ သဘာဝဘေးဒဏ်ကိုခံစားရန် လွယ်ကူနေသည့် အချက်အလက်များ၊ မြန်မာနိုင်ငံမှ ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများ၊ ချမှတ်ထားသော ပြည်တွင်းမူဝါဒ များနှင့်အညီ ရာသီဥတုပြောင်းလဲမှုထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများကို ထည့်သွင်းပြော ကြားခဲ့သည်။
ထို့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ Credential Committee က ကုလသမဂ္ဂ အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ပါဝင်တက်ရောက်ခွင့်ကို ရွှေ့ဆိုင်းခဲ့ကြောင်း၊ လက်တွေ့ လုပ်ငန်းဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံများ အပါ အဝင် ကုလသမဂ္ဂအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ပါဝင်တက်ရောက်ခွင့်ကို ယင်းကဲ့သို့ ရွှေ့ဆိုင်းခြင်းများသည် နိုင်ငံတော်အစိုးရ၏ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှုနှင့် လိုအပ်သည့် အစီအမံများကို အကောင်အထည် ဖော်နိုင်မှုအပေါ် သက်ရောက်မှုရှိကြောင်း၊ ထိုမျှသာမက မြန်မာမှ ရာသီဥတု ပြောင်းလဲမှု ဖြေရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကန့်အသတ်များဖြင့် ပါဝင်ဆောင်ရွက်ရသဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် သဘာဝပတ်ဝန်းကျင်တည်ငြိမ်မှုအပေါ် သက်ရောက်မှုရှိပြီး ပိုမိုကျယ်ပြန့်သည့် ဒေသတွင်း သက်ရောက်မှုလည်း ရှိနိုင်မည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်၏ သက်ရောက်မှုများကို သုံးသပ်ရာတွင် လူ့အခွင့်အရေး ရှုထောင့်မှလည်းရှုမြင်နိုင်ရန်လည်း ပဓာနကျသည်ဟု ယုံကြည် ပါကြောင်း၊ သို့ဖြစ်ရာ မြန်မာ၏ ပါဝင်တက်ရောက်ခွင့်ကို ရွှေ့ဆိုင်းခြင်းသည် မြန်မာပြည်သူ ပြည်သားများ၏ ရာသီဥတုပြောင်းလဲမှုကိုကိုင်တွယ်ဖြေရှင်းနိုင်ခွင့်ကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်သာမက လုံခြုံ၊ သန့်ရှင်း၍ ရေရှည်တည်တံ့သော ပတ်ဝန်းကျင်ကို ရပိုင်ခွင့်အပါအဝင် အခြေခံကျ သော လူ့အခွင့်အရေးများအပေါ် တိုက်ရိုက်ထိပါးနေကြောင်း၊ ထို့အပြင် လူနေမှုဘဝများကို ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများမှ ကာကွယ်နိုင်စွမ်းအားကို လျော့ပါးစေသဖြင့် ရာသီဥတု ပြောင်းလဲမှုကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဟန့် တားစေရာလည်းရောက်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံအားလုံးမှ “ရာသီဥတုပြောင်းလဲမှု ထိန်းသိမ်းရေး နှင့် တရားမျှတမှု တို့အတွက် တူညီသည့် စည်းမျဉ်းဖြစ်သော်လည်း ကွဲပြားသည့် တာဝန်ရှိမှု” မူနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားခွင့်ရှိသင့်ကြောင်း ထည့်သွင်း၍ ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ယခု ၉-၁၂-၂၀၂၄ ရက်၊ နှုတ်ဖြင့် တင်သွင်းချက်များ ဖတ်ကြားတင်သွင်းသည့် ကြားနာပွဲ၊ နံနက်ပိုင်းအစီအစဉ်တွင် မြန်မာနိုင်ငံအပြင် မက်ဆီကို၊ မိုက်ခရိုနီးရှား၊ နမ်မီဘီးယား နှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များမှလည်း နှုတ်ဖြင့် ဖတ်ကြားတင်သွင်းမှုပြုခဲ့ကြ ပါသည်။ ကြားနာပွဲများသို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း (၉၂) နိုင်ငံမှ အစိုးရကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်း (၁၂)ခုမှ ကိုယ်စားလှယ်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ရာသီဥတုပြောင်းလဲမှုထိန်းသိမ်းရေး လုပ်ငန်းများဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment