နီပေါနိုင်ငံ ဝန်ကြီးချုပ်၏ အထူးဧည့်သည်တော်အဖြစ် နီပေါနိုင်ငံသို့ ကြွရောက်ခဲ့သည့် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာအရှင်ဉာဏိဿရ Lumbini Buddhist University ၌ ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နီပေါနိုင်ငံ ဝန်ကြီးချုပ်၏ အထူးဧည့်သည်တော်အဖြစ် နီပေါနိုင်ငံသို့ ကြွရောက်ခဲ့သည့် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာအရှင်ဉာဏိဿရ Lumbini Buddhist University ၌ ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်




ကတ္တမန္ဒူး၊ ဒီဇင်ဘာ ၂

နိုင်ငံတော်သြဝါဒစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာအရှင်ဉာဏိဿရသည် ဖိတ်ကြားချက်အရ  နီပေါနိုင်ငံ ဝန်ကြီးချုပ်၏ အထူးဧည့်သည်တော်အဖြစ် နီပေါနိုင်ငံသို့ လာရောက်ရာတွင် ဆရာတော်ကြီး၏ ခရီးစဉ် တစ်လျှောက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ ပူးပေါင်း စီစဉ်မှုဖြင့် မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့မှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ဆရာတော်ကြီးနှင့်အတူ လိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။ 

 သီတဂူဆရာတော်ကြီးသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့သို့ ရောက်ရှိလာခဲ့ရာ World Peace Temple ကျောင်း၊ Dharma Kirti Vihar သီလရှင်ကျောင်းတို့မှ သံဃာတော်များနှင့် သီလရှင်များ၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများကလည်းကောင်း၊ နိုဝင်ဘာလ ၂၉ ရက်တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီမြို့သို့ ရောက်ရှိစဉ် လုမ္ဗိနီဥယျာဉ် Lumbini Development Trust မှ တာဝန်ရှိသူများ၊ လုမ္ဗိနီဒေသအုပ်ချုပ်ရေးမှူးများ၊ မြန်မာရွှေကျောင်းတော်ကြီးမှ သာသနာပြုဆရာတော် (၂)ပါးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာရေးအရာရှိတို့က ခရီးဦးကြိုပြုခဲ့ကြသည်။

သီတဂူဆရာတော်ကြီးသည် ကတ္တမန္ဒူးမြို့ရှိ World Peace Temple ကျောင်းတွင် သီတင်းသုံးနေသည့် သံဃာတော်များအတွက် သင်္ဃန်းအစုံ (၁၀၀) လှူဒါန်းခဲ့ပြီး ကတ္တမန္ဒူးမြို့အတွင်း ထင်ရှားသည့် Swayambu Temple သို့ သွားရောက်ခဲ့သည်။ 

နိုဝင်ဘာလ ၂၉ ရက်တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်ရှိ Lumbini Buddhist University တွင် ကျင်းပခဲ့သည့် 3rd Convocation of Lumbini Buddhist University and 20th University Day အခမ်းအနားသို့ နီပေါနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်ခဲ့သည်။ လုမ္ဗိနီတွင် သီတင်းသုံးနေစဉ် ကာလအတွင်း လုမ္ဗိနီဥယျာဉ်အတွင်း မယ်တော်မာယာကျောင်းဝင်းအတွင်းသို့ သွားရောက်ခြင်း၊ မြန်မာအစိုးရနှင့် စေတနာရှင် ပြည်သူများ လှူဒါန်း တည်ထားကိုးကွယ်သည့် မြန်မာရွှေကျောင်းတော်သို့ သွားရောက်ခဲ့ပြီး မြန်မာရွှေကျောင်း ပရိဝုဏ်အတွင်းတွင် ရွှေတိဂုံစေတီတော်ပုံတူ တည်ထားကိုးကွယ်သည့် လောကမဏိစူဠာစေတီတော်ကို သွားရောက်ဖူးမြှော်ကာ စေတီတော်ဝင်းအတွင်း ဆရာတော်ကြီးနှင့် ဒါယိကာ၊ ဒါယိကာမများက လှူဒါန်းတည်ဆောက်ထားသည့် အာသောကကျောက်စာတိုင်များ ချို့ယွင်းနေမှုများအပေါ် ပြင်ဆင်ရန် ကိစ္စရပ်များနှင့် စေတီတော်ကြီးနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်ရှိသည်များ၊ မြန်မာရွှေကျောင်းတော်ကြီးအတွင်းရှိ သာသနိက အဆောက်အဦများ အရှည်တည်တံ့ရေးနှင့် ဘုရားဖူးလာပြည်သူများ အဆင်ပြေစွာ တည်းခိုနိုင်ရေးကိစ္စရပ်များ စီစဉ်ထားရှိမှုများနှင့် ပတ်သက်၍ တင်ပြမှုများအပေါ် လိုအပ်သည်များကို သံအမတ်ကြီးနှင့် ဆွေးနွေးပြီး အကြံပြု မှာကြားခဲ့သည်။ 

လောကမဏိစူဠာစေတီတော်သည် ၁၉၉၅ ခုနှစ်၊ မေလတွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မြန်မာနိုင်ငံ၏ ပထမဆုံး သာသနိက အဆောက်အဦအလှူအဖြစ် မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ လှူဒါန်းမှုဖြင့် စတင်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ရွှေတိဂုံစေတီတော်ပုံတူ၊ ဉာဏ်တော် (၇၂)ပေရှိသည့်  စေတီတော်ဖြစ်သည်။

လုမ္ဗိနီတွင် သီတင်းသုံးနေစဉ်အတွင်း သီတဂူဆရာတော်ကြီးသည် နီပေါနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် Thousands of Buddha Temple တိဗက်ဘုန်းတော်ကြီး ကျောင်းသို့ ပင့်ဖိတ်မှုအရ သွားရောက်ခဲ့ရာ Thousands of Buddha Temple တိဗက်ကျောင်းထိုင်ဆရာတော်၊ ရဟန်းသံဃာများနှင့် သီလရှင်များ၊ ဒါယိကာ၊ ဒါယိကာမများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး သီတဂူ ဆရာတော်ကြီးက ဓမ္မမိတ်ဆွေများအား ဝိပဿနာတရားတော်များ ဟောကြားခဲ့သည်။ ဆက်လက်၍ သီတဂူ ဆရာတော်ကြီးသည် Lumbini Buddhist University ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (International Seminar on Exploring Gautam Buddha’s Teachings on Peacekeeping and Sustainable Development) သို့ တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး၏ အရေးကြီးပုံ၊ ငြိမ်းချမ်းရေးသည် တစ်ကမ္ဘာလုံးအတွက်အရေးကြီးသလို လူတစ်ဦးချင်းစီအတွက်ကလည်း ပိုမိုအရေးပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။  

မြန်မာသံရုံး ဝန်ထမ်းများနှင့် မိသားစုများက ဒီဇင်ဘာလ ၁ ရက်နေ့တွင် သီတဂူဆရာတော်ကြီးနှင့် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ရရှိသူ သီလရှင်ဆရာကြီး ဒေါ်ဓမ္မဝတီ (ခေါ်) သမီးချစ်တို့အား Dharma Kirti Vihar  ကျောင်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာတွင် သံအမတ်ကြီးနှင့် သံရုံး ဝန်ထမ်းများက လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)