မုံရွာ၊ ဒီဇင်ဘာ ၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို၅-၁၂-၂၀၂၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် အမှတ်စဉ်(၅)ပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစိုက်မတ်မတ် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ပူးပေါင်ပြီး မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်လျှောက်ထားလာမှုများအား ဥပဒေနှင့်အညီ စိစစ်ခွင့်ပေးခြင်း၊ မဲလက်မှတ်အစား မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine- MEVM)နှင့် မဲပေးနိုင်ရေးအတွက် ပြည်တွင်းရှိ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ တီထွင်ခဲ့ခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှင်းလင်းပြသခြင်းအခမ်းအနားသို့ တက်ရောက်လာသူများအနေဖြင့် MEVM စက်နှင့် စမ်းသပ်သရုပ်ပြမဲပေးသည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး မိမိတို့သက်ဆိုင်ရာအဖွဲ့အစည်း မိမိတို့မိသားစုဝင်များထံတစ်ဆင့် ပြန်လည်ဖြန့်ဝေ ရှင်းလင်းပေးသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေး ကြိုတင်ပြင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူလျင်မြန်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine- MEVM) ပြည်တွင်း ပညာရှင်များပူးပေါင်း တီထွင်ဆောင်ရွက်ထားမှုနှင့် ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးများသို့ MEVM စက်ဖြင့် စမ်းသပ်မဲပေးဆောင်ရွက်ပြီးစီးခဲ့သည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုမောင်က အီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက အီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment