လွိုင်ကော်၊ ဒီဇင်ဘာ ၇
ကယားပြည်နယ်အတွင်းမှ ယာယီနေရပ်စွန့်ခွာရပြီး ပြန်လည်ရောက်ရှိနေထိုင်လျက်ရှိသည့် ပြည်သူများမှ မွေးမြူရေးလုပ်ငန်းများ ပြန်လည်မွေးမြူလုပ်ကိုင်နိုင်ရန်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် မျိုးသန့်မွေးမြူရေး တိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်သည့် နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း နယ်မြေဒေသအခြေအနေများကြောင့် ရပ်တန့်သွားသည့် မွေးမြူရေးလုပ်ငန်းများ အရှိန်မြှင့်တင်ပြန်လည်လုပ်ကိုင်နိုင်ရန်နှင့် ကယားပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အနေဖြင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရေခံမြေခံကောင်းများရှိနေပြီး တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် မွေးမြူနိုင်သည်အထိ အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်လာပါက ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး သားငါးထုတ်လုပ်မှု မြင့်မားကာ ကုန်ဈေးနှုန်း တည်ငြိမ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးဇော်ဦးက နေရပ်ပြန် ပြည်သူများအား တိရစ္ဆာန်များထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက မွေးမြူရေးလုပ်ကိုင်သူများအား တိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ရာ ဒေါတမ၊ လောဓမ္မ၊ နမ့်ဘော်ဝမ်(က)၊ နမ့်ဘော်ဝမ်(ခ)၊ အောင်သီဟရပ်ကွက်၊ ပန်းကန်းကျေးရွာနှင့် လောပိတမြို့မှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။
၎င်းနောက် မွေးမြူရေးလုပ်ကိုင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက တိရစ္ဆာန်များ မွေးမြူရန် ထောက်ပံပေးအပ်ခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်မှ တက်ရောက်လာသည့် မွေးမြူရေးလုပ်ကိုင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက် စကားပြောကြားပြီး ထောက်ပံ့ပေးအပ်သည့် တိရစ္ဆာန်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။
တိရစ္ဆာန်များထောက်ပံ့မှုအနေဖြင့် နေရပ်ပြန်ပြည်သူ အိမ်ထောင်စု(၇၇)စုတို့အား အိမ်ထောင်စု (၄၀) စုအတွက် ဝက်(၄၀)ကောင်၊ အိမ်ထောင်စု (၁၇)စုအတွက် ဆိတ်(၁၇)ကောင်နှင့် အိမ်ထောင်စုတစ်စုလျှင် ကြက်(၂၀)ကောင်နှုန်းဖြင့် အိမ်ထောင်စု (၂၀)အတွက် ကြက်(၂၀၀)ကောင် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၆.၁)သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment