တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းသား/ သူများအား Biometric အချက်အလက်များ စာရင်းကောက်ယူနေမှု ကြည့်ရှုအားပေး၊ ဥပဒေအသိပညာပေးဟောပြောပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းသား/ သူများအား Biometric အချက်အလက်များ စာရင်းကောက်ယူနေမှု ကြည့်ရှုအားပေး၊ ဥပဒေအသိပညာပေးဟောပြောပွဲ တက်ရောက်







မြိတ် ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ (၆) ရက်က ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ အ.ထ.က (ပထက်) ကျောင်းတွင် ကျောင်းသား/ သူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျွန်းစုမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက Biometric အချက်အလက်များ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ကျောင်းသား/ သူများအား Biometric Data များ ဖြည့်သွင်းဆောင်ရွက်ရာတွင် ကိုယ်ရေးအချက်အလက်များ ကောက်ယူရာတွင် အသုံးပြုသည့် စက်ပစ္စည်းများဖြင့် တစ်ဦးချင်းစီ၏ မျက်နှာ၊ မျက်လုံး၊ လက်ဗွေများ ကို Screen ဖတ်ပြီး အချက်အလက်များအား server ထဲထည့်၍ ဆောင်ရွက်ပေးနေမှုအား ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြသည်။ ကျွန်းစုမြို့နယ်တွင် ပြည်သူများ၏ ကိုယ်ရေးအချက်အလက် မှတ်တမ်းများကို e-ID စနစ်ဖြင့် ၂၀၂၃ခုနှစ် ဇွန်လ (၃၀) ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ရာ ဇန်နဝါရီ (၅) ရက်နေ့အထိ (၂၉၀၀၀) ကျော်ကို  ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်။   

ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်တက္ကသိုလ်သို့ ရောက်ရှိခဲ့ကြပြီး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် မြိတ်တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သော ဥပဒေအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက တက္ကသိုလ်ကျောင်းသား/သူများသည် ဥပဒေအရ အရွယ်ရောက်ပြီး နိုင်ငံသားများဖြစ်ကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများ၏ မူလအခွင့်အရေး (Fundamental Rights) နှင့် တာဝန် (Duties) ဆိုတာ ပြဋ္ဌာန်းထားပြီး နိုင်ငံတော်က နိုင်ငံသားတိုင်းကို ခွဲခြားခြင်းမရှိဘဲ ဥပဒေအရ ကာကွယ်ပေးထားကြောင်း၊  အရွယ်ရောက်ပြီး နိုင်ငံသားတိုင်းအနေနဲ့ သတ်မှတ်ချက်နှင့် ကိုက်ညီပါကရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် အရွေးခံနိုင်ခွင့်၊ ဆန္ဒမဲပေးပိုင်ခွင့်များ ရရှိမည်ဖြစ်၍ မိမိတို့၏အခွင့်အရေးများကို မှန်ကန်စွာ အသုံးချဖို့လိုကြောင်း၊ နိုင်ငံသားများ ဖြစ်သည့် တက္ကသိုလ်ကျောင်းသား/ သူများအနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့်တာဝန်ကိုသိဖို့ အခြေခံဥပဒေကို လေ့လာကြည့်ဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက တက္ကသိုလ်ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်နှင့် ဆရာ/ မများ၊ ကျောင်းသား/ သူများအား (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါပြဌာန်းချက် အကြောင်းအရာများကို ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေပေးကျေးရွာရှိ သစ်တောဦးစီးဌာန၏ ရှမ်းချောင်း လူထုဖြန့်ပျိုးဥယျာဉ်သို့ သွားရောက်ခဲ့ကြသည်။

ရှမ်းချောင်းသစ်တောပျိုးဥယျာဉ်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်-၄ မှ (၂၀၂၅) ခုနှစ် မိုးရာသီ၌ ဖြန့်ဝေစိုက်ပျိုးမည့် သစ်မျိုးအလိုက် ပျိုးပင်များပျိုးထောင်ထားရှိမှုအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးသည်။ ရှမ်းချောင်းသစ်‌‌တောပျိုးဥယျာဉ်တွင် မိုးရာသီ၌ ဖြန့်ဝေစိုက်ပျိုးမည့် သစ်မျိုး (၇) မျိုး၊ (၂) ပေအထက် အထူးပျိုးပင် (၁၉၀၀၀) ပင်နှင့် (၂၀၂၅) ခုနှစ် မိုးရာသီလူထုဖြန့်ပျိုးပင် (၅၈၀၀၀) ပင် စုစုပေါင်းပျိုးပင် (၇၇၀၀၀) ပျိုးထောင်ထားရှိကြောင်း သိရသည်။


ခိုင်ထူး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)