ရန်ကုန်၊ ဇန်နဝါရီ ၂၇
(၂၀၂၅)ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ၂၅-၁-၂၀၂၅ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး တရုတ်နှစ်သစ်ကူးပွဲတော် နှစ်သစ်ဆုမွန်ကောင်းစကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးချစ်ကြည်ရေးကို ပိုမိုတိုးတက်ခိုင်မာအောင် အလေးအနက်ထား ဆောင်ရွက်သွားမည် ဟု ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုသည်လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းမှ ယနေ့ တိုင်အောင်တည်ရှိနေပြီး ကမ္ဘာ့သမိုင်းမှာ အရှည်ကြာဆုံးသော ယဉ်ကျေးမှုသမိုင်း မှတ်တမ်းကို ထိန်းသိမ်းထားနိုင်သည်ကို လေ့လာသိရှိရကြောင်း၊ တရုတ်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအရ နွေဦးပွဲတော်ဟုခေါ်ဆိုသည့် နှစ်သစ်ကူးပွဲတော်ကိုလည်း လွန်ခဲ့ သည့်နှစ်ပေါင်း ၃၅၀၀ ကျော်ကတည်းက ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပျောက်ကွယ်မသွားအောင် လက်ဆင့်ကမ်းထိန်းသိမ်း ကျင်းပခဲ့ကြသည်ကို ဂုဏ်ယူဖွယ်လေ့လာတွေ့ရှိရကြောင်း၊ တရုတ်ရိုးရာအရ ယခု ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံက တရုတ်ရိုးရာ ရာသီခွင် ၁၂ ပါးထဲမှ မြွေ နှစ်ဖြစ်သည်ကို သိရှိရကြောင်း၊ မြွေ နှစ်သည် ဉာဏ်ပညာ၊ မဟာဗျူဟာ ပြောင်းလဲခြင်း၊ အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းခြင်း၊ တိုးတက်ကြီးပွားခြင်း၊ ထိုးထွင်းသိမြင်ခြင်းအဓိပ္ပာယ်ဟုယူဆ ကြသည်ကိုသိရှိရကြောင်း၊ တရုတ်ပြည်သူတို့၏ မျှော်လင့်ချက်များ ပြည့်ဝအောင် တိုးတက်ပြောင်းလဲခြင်းများ ပိုမိုဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း။
တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် ပထဝီမြေအနေအထားအရ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်နေခြင်းကြောင့် လူမျိုးအရ၊ ယဉ်ကျေးမှုအရ များစွာနီးစပ်မှုရှိကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကိုကြည့်ပါကလည်း မှတ်တမ်းများအရ ခရစ်နှစ် ၉၀၁ ခုနှစ်က စတင်ခဲ့ခြင်းကြောင့် နှစ်ပေါင်းတစ်ထောင်ကျော် ရှိခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့ နှစ်ပေါင်း ထောင်ချီခဲ့သည့် ဆက်ဆံရေးနှင့် ရှည်လျားသည့်နယ်နိမိတ် ထိစပ်နေခြင်းကြောင့် လည်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြားတွင် ခိုင်မာသည့်ဆက်ဆံရေးများ ထူထောင် နိုင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရေး စသည့် ဆက်ဆံ ရေးမျိုးကို ထူထောင်နိုင်ခဲ့ကြကြောင်း၊ မိမိအနေဖြင့် ရှေ့ဆက်ပြီးတော့လည်း တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးချစ်ကြည်ရေးကို ပိုမိုတိုးတက်ခိုင်မာအောင် အလေးအနက်ထား ဆောင်ရွက်သွားမည် ဖြစ်သည်ကို ပြောလိုကြောင်း။
တရုတ်နိုင်ငံအနေဖြင့် မိမိနိုင်ငံတစ်ခုတည်း ဖွံ့ဖြိုးတိုးတက်ရေးထက် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများ၊ အခြားသောကမ္ဘာ့နိုင်ငံများကိုပါ တစ်ပါတည်းဖွံ့ဖြိုး တိုးတက်စေရန် BRI စီမံကိန်းများကို အကောင်အထည်ဖော်နေသည်ကိုတွေ့ရကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍လည်း မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများကို အကောင်အထည် ဖော်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံ အနေဖြင့် အလေးထားလျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့်စီမံကိန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခင်းအကျင်းကိုဖော်ဆောင်ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း။
တရုတ်-မြန်မာ နှစ်နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် ၂၀၂၄ ခုနှစ် အတွင်းတွင် အပြန်အလှန်ချစ်ကြည်ရေးခရီးများ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး မှုရှိသည့် ဆက်ဆံရေးခိုင်မာနေမှုကို ပြသနိုင်ခဲ့ကြောင်း၊ မိမိအနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံကို သွားရောက်ခဲ့ပြီး မဟာမဲခေါင် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို တက်ရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်အပြင် အခမ်းအနားကို တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် ဆွေးနွေးစဉ်တွင် လည်း တရုတ်နိုင်ငံဝန်ကြီးချုပ်က တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အတည်ပြုဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ် အေးချမ်းရေးနှင့် ပတ်သက်ပြီး အပြည့်အဝထောက်ခံကူညီ အားပေးမည့်အချက်များ၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီအကောင် အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ်ထောက်ခံပြီး ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံရေး အရ၊ ယုံကြည်မှုအရ ပိုမိုတိုးတက်စေရေး ဆောင်ရွက်သွားမည့်အချက်များ စသည်များ ကို ထပ်လောင်းအတည်ပြု ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက် များအပေါ် တရုတ်နိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်များ၏ အတည်ပြုဆွေးနွေးချက်များနှင့် ကူညီထောက်ပံ့မှုများသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေအဖြစ် တည်ရှိနေမှုကို ဖော်ပြနေခြင်းလည်းဖြစ်ကြောင်း၊ အဆိုပါရပ်တည်ချက်အတွက်လည်း မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။
မိမိအနေဖြင့် ကူမင်းမြို့တွင် တရုတ်ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ပြောပြခွင့်ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ တက်ကြွ သည့်အမြင်နှင့် ထက်သန်သည့်ပူးပေါင်း ဆောင်ရွက်လိုမှုများကိုမြင်ခဲ့ရပြီး မိမိတို့နိုင်ငံ တွင် တရုတ်နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ထို့ပြင် ကူမင်း၊ ချုံချင့်၊ ရှန်းကျန့်မြို့များတွင်ရှိသည့် အထင်ကရနေရာများ၊ တက္ကသိုလ်များ၊ စက်ရုံအလုပ်ရုံများကို သွားရောက်လေ့လာခဲ့ပြီး တရုတ်လူမျိုးတို့၏ ကြိုးစားအားထုတ်မှု အသီးအပွင့်များကို မြင်တွေ့ခဲ့ရကြောင်း။
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို စစ်မှန် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန် အတွက်ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော်ဆောင် ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အောင်မြင်သည့်အရွေ့များ ဖြစ်ပေါ်လာမှုသည်မိမိတို့၏ ခိုင်မာသည့်အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အားပေးကူညီမှု များကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအပေါ် အခိုင်အမာထောက်ခံပြီး တည်ငြိမ် အေးချမ်းရေးကို အလေးထားကူညီဆောင်ရွက် ပေးနေမှုများအတွက်လည်း တရုတ် နိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံသူ၊ နိုင်ငံသားများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ထပ်လောင်း ပြောကြားလိုကြောင်း၊ ဆက်လက်ပြီးတော့လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးရန် ပန်ကြားလိုကြောင်း။
တရုတ်-မြန်မာ နှစ်နိုင်ငံ၏ တရားဝင်သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်နေ့တွင် စတင်ထူထောင်နိုင်ခဲ့ခြင်းကြောင့် လာမယ့်ဇွန်လ ၈ ရက်နေ့ ဆိုပါက နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၅ နှစ်တိုင်တိုင် စိန်ရတုကာလ ကို ရောက်ရှိပြီဖြစကြောင်း၊ မိမိတို့ တရုတ်-မြန်မာနှစ်နိုင်ငံအနေဖြင့် ရှေးနှစ်ပေါင်း များ စွာကတည်းက ရှိလာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုအပေါ်အခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း နှစ်နိုင်ငံကြုံတွေ့လာသည့် အရေးကိစ္စများတွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဖေးမကူညီခဲ့ကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ စတင် ထူထောင်ခြင်းအပေါ်အာရှတိုက်တွင် ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ် သကဲ့သို့ အဆိုပါကအချိန်ကတည်းက ရပ်တည်ခဲ့သည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်း ဒီနေ့အချိန်အထိ ခိုင်ခိုင်မာမာ ရပ်တည်နေသည့် နိုင်ငံဖြစ်ကြောင်း၊ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံကိုတရုတ်နိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်း လာရောက်ချိန်က ပူးတွဲကြေညာနိုင်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကလည်း နှစ်နိုင်ငံဆက်ဆံရေးသမိုင်းအတွက် မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ ယနေ့တိုင် လက်ကိုင် ထား ကျင့်သုံးနေကြခြင်းကြောင့် နှစ်နိုင်ငံဆွေမျိုး ပေါက်ဖော်ဆက်ဆံရေး၏ ပြယုဂ် အမှန်ကို ဖော်ထုတ်ပြသနေကြဆဲဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ယခုကဲ့သို့ရှည်လျားလှသည့် သမိုင်းကြောင်းများနှင့် နှစ်နိုင်ငံဆက်ဆံရေးတည်ရှိမှု၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှု ကို ပိုမိုခိုင်မာစေရန် ယခု ၂၀၂၅ ခုနှစ်မှစပြီး တရုတ်နှစ်သစ်ကူးနေ့ကို နိုင်ငံတော်၏ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ထိုသို့သတ်မှတ်ပေးမှုသည် တရုတ် နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက် သဘောထားအပေါ် အလေးထား အသိအမှတ်ပြုမှုကို ဖော်ပြခြင်းဖြစ်သကဲ့သို့ တရုတ်နိုင်ငံ၏ ရေရှည်ကိုမျှော်တွေးပြီး နိုင်ငံပေါင်းစုံပါဝင်သည့် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အကောင် အထည်ဖော် ဆောင်ရွက်ချက်များကို အလေးအနက် ထောက်ခံခြင်းလည်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိတို့ နှစ်နိုင်ငံ၏ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို မလိုလားကြသည့် ပြည်တွင်းပြည်ပက အဖွဲ့များအနေဖြင့်လည်း နည်းလမ်းမျိုးစုံအသုံးပြုပြီး သွေးခွဲနေ ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ တာဝန်ရှိသူများနှင့် နိုင်ငံသူနိုင်ငံသားများအားလုံးက အထူး ဂရုစိုက်ဖို့လိုကြောင်း၊ မိမိတို့ တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် ရှေးနှစ်ပေါင်းများစွာ ကတည်းက ဖြစ်တည်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို ရေကိုသားလို့ အကြားမထင် သလို ဘယ်လိုနည်းလမ်းနှင့် လုပ်ရပ်မျိုးကမှ ပျက်ပြားအောင် လုပ်၍မရဘူးဆိုသည်ကို သက်သေပြနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့ မြန်မာပြည်သူများ၊ မြန်မာနိုင်ငံ အတွင်းမှာရှိကြသည့် တရုတ်-မြန်မာအသင်းအဖွဲ့များ၊ တရုတ်နွယ်ဖွား မြန်မာနိုင်ငံ သားများ၊ မြန်မာနိုင်ငံအတွင်းတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံ သားများအနေဖြင့် နိုင်ငံချစ်စိတ်များ၊ အေးအတူပူအမျှ အတူတူနေထိုင် သွားကြမည် ဆိုတဲ့စိတ်များနှင့် အချင်းချင်းပူးပေါင်းဆောင်ရွက်ကြပြီး တရုတ်-မြန်မာနှစ်နိုင်ငံကို ခိုင်မာသည့် ထာဝရအိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး အားလုံးက ကြိုးပမ်းသွားကြပါဟု တိုက်တွန်းပြောကြားလိုကြောင်း ဖြင့် ပြောကြားသည်။
#MNP #News #Yangon #China #NewYear #Speech
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment