အကြီးစား ဗုံးတွေ အစ္စရေးကို ပေးပို့တာနဲ့ပတ်သက်ပြီး အရင်သမ္မတ Joe Biden က ပိတ်ပင်ထားတဲ့ အမိန့်ကို ဖယ်ရှားဖို့ အမိန့်ပေးလိုက်ကြောင်း အမေရိကန် သမ္မတ Donald Trump ပြောလိုက်ပါတယ်။
စနေနေ့မှာ အနောက်ပိုင်း နီဗားဒါးပြည်နယ်ကနေ ဖလော်ရီဒါကို ဦးတည်နေတဲ့ Air Force One လေယာဉ်ပေါ်မှာ မစ္စတာ Trump က သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။
ဂါဇာမှာ အရပ်သားသေဆုံးမှုတွေ တိုးလာနေတဲ့အကြား အဲဒီဒေသက လူနေထူထပ်တဲ့ ဧရိယာတွေမှာ အကြီးစား ဗုံးတွေ အသုံးပြုမှုအပေါ် စိုးရိမ်မှုတွေကြောင့် အဲဒီလိုဗုံးတွေ အစ္စရေးကို တင်ပို့ရောင်းချတာကို ပြီးခဲ့တဲ့နှစ် မေလမှာ မစ္စတာ Biden က ရပ်ဆိုင်းခဲ့တယ်လို့ ABC ရုပ်မြင်သံကြားနဲ့ တခြားသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စနေနေ့မှာ မစ္စတာ Trump က "အစ္စရေးက မှာကြား၊ ငွေပေးချေခဲ့ပြီး Biden က မပေးပို့သေးတဲ့ အရာအများအပြား အခုအခါမှာ ပေးပို့ဖို့ အသင့်ဖြစ်နေပြီ" လို့ လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
အမေရိကမှာ ဆိုင်းငံ့ထားတဲ့ MK-84 ဗုံးအလုံးရေ ၁,၈၀၀ ကို လာမယ့်ရက်တွေထဲမှာ အစ္စရေးကို ပို့ဆောင်မှာဖြစ်တယ်လို့ အမေရိကန်သတင်းဝက်ဆိုက် Axios က ဖော်ပြခဲ့ပါတယ်။
ဒီအတောအတွင်း အမေရိကန်သမ္မတဟာ ဂျော်ဒန်ဘုရင် Abdullah နဲ့ တယ်လီဖုန်းပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်က စနေနေ့မှာ ကြေညာခဲ့ပါတယ်။
Air Force One ပေါ်မှာ သတင်းထောက်တွေနဲ့ စကားပြောဆိုမှုအတွင်း မစ္စတာ Trump က "တကယ့် ရှုပ်ထွေးနေတဲ့ နေရာ" လို့ သူကရည်ညွှန်းခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသက လူတွေကို ပိုပြီးလက်ခံဖို့ ဂျော်ဒန်နိုင်ငံကို သူတောင်းဆိုခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အီဂျစ်အနေနဲ့ ဂါဇာကမ်းမြောင်ဒေသက လူတွေကို နေရာပေးစေလိုကြောင်း သူကပြောခဲ့ပြီး တနင်္ဂနွေနေ့မှာ အီဂျစ်သမ္မတ Abdel Fattah el-Sisi နဲ့ တယ်လီဖုန်းဆက်သွယ် စကားပြောမှာဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
မစ္စတာ Trump က ဂါဇာကမ်းမြောင်ဒေသဟာ ရာစုနှစ်အများအပြား ပဋိပက္ခ အမြောက်အမြားကို ကြံ့ကြံ့ခံ ရင်ဆိုင်ရတဲ့နေရာမှာရှိနေတယ်လို့ဆိုပြီး ဂါဇာကို လူတွေသေကြေပျက်စီးရတဲ့ နေရာတစ်ခုအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
သူ့အနေနဲ့ အာရပ်နိုင်ငံတချို့နဲ့ လက်တွဲဖို့ ဆန္ဒရှိနေပြီး ဂါဇာကလူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မယ်လို့ သူယူဆတဲ့ တခြားနေရာတစ်ခုမှာ အိမ်ရာတွေကို ဆောက်လုပ်လိုတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ အဲဒီအိမ်ရာဟာ ယာယီအနေအထားဖြစ်သလားဆိုတဲ့ မေးခွန်းကို မစ္စတာ Trump က အဲဒီလို ဖြစ်နိုင်သလို ရေရှည်လည်းဖြစ်နိုင်တယ်လို့ ပြောပါတယ်။
REF - NHK
#MNP #News #American #Trump
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment