၂၀၂၄ - ၂ဝ၂၅ ပညာသင်နှစ် မော်လမြိုင်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ - ၂ဝ၂၅ ပညာသင်နှစ် မော်လမြိုင်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ




မော်လမြိုင်၊ ဇန်နဝါရီ ၈

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မော်လမြိုင်တက္ကသိုလ် အနုပညာအသင်းဝင် ကျောင်းသား၊ ကျောင်းသူများက မြကျွန်းညိုညိုသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မောင်မယ်တို့တတွေက ရည်မှန်းချက်ကိုယ်စီနှင့် ကြိုးပမ်း အားထုတ်ခဲ့ကြလို့ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ကြပြီး ယခုလို မော်လမြိုင်တက္ကသိုလ် ဘာသာရပ်အသီးသီး၏ မောင်မယ်သစ်လွင်များအဖြစ်တက်ရောက် ပညာသင်ကြားကြမှာ ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့မှစ၍ မော်လမြိုင်တက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြိုနှင့်ဘွဲ့လွန်သင်တန်းများ သင်ကြားပေးလျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး မော်လမြိုင်တက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက်နေသူ ကျောင်းသား၊ ကျောင်းသူ(၆၇၂)ဦး ရှိသည်ကိုသိရှိရ၍ မောင်မယ်တို့၏ အောင်မြင်မှုကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေသည့် တက္ကသိုလ်များဟာ အဓိကကျသကဲ့သို့ တက္ကသိုလ်များ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း အဓိကကျပြီး ယနေ့ခေတ် လူငယ်လူရွယ်များကို မိမိတို့တိုင်းပြည်၏ အနာဂတ်ကောင်းမွန်စေရေး ထုစစ်ပုံဖော်ပေးကြရမှာဖြစ်ကြောင်း၊အနာဂတ်မှာ ဗလငါးတန်နှင့်ပြည့်စုံသော အရည်အချင်း ပြည့်ဝသည့် လူငယ်များ ပေါ်ထွက်လာရေးအတွက် အတတ်ပညာ၊အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ် အယူအဆ မှန်ကန်ရေးဟာလည်း လိုအပ်ကြောင်း၊ “ပညာတန်ဆောင်ပြည်ကျိုးဆောင်အံ့” ဟူသော မော်လမြိုင်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့် အညီ ဘာသာရပ်ဆိုင်ရာ၊ အနုပညာနှင့်အားကစားပြိုင်ပွဲများမှာ တက္ကသိုလ်ဂုဏ်ဆောင်၊ ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် ပညာတတ် လူငယ်များဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မော်လမြိုင်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာချစ်စိန်က တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ထူးချွန်လူငယ်အဖြစ် တက္ကသိုလ်ကိုယ်စားပြုရွေးချယ်ခံရသော မော်လမြိုင်တက္ကသိုလ်၊ ၊ အင်္ဂလိပ်စာအထူးပြုမှ ပထမနှစ်ဂုဏ်ထူးတန်းကျောင်းသူနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြည်နယ်ကိုယ်စားပြု မြန်မာ့သိုင်း၊ တုတ်ရှည်(အပြ)ပြိုင်ပွဲတွင် ဒုတိယဆုငွေတံဆိပ်ရရှိခဲ့သော မော်လမြိုင်တက္ကသိုလ်၊ ရူပဗေဒအထူးပြုမှ စတုတ္ထနှစ်ကျောင်းသားတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မွန်ဟင်္သာယိမ်းအကဖြင့် လည်းကောင်း၊ “ငွေလညတိုင်းသာ နေသည်”တေးသီးဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)