ပြည်ထောင်စုအကျိုးနှင့် အမျိုးသားရေးစိတ်ဓာတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုအကျိုးနှင့် အမျိုးသားရေးစိတ်ဓာတ်


လူ၏ သဘောသဘာဝသည်ပင်လျှင် တစ်ဦးတည်း သီးခြားရပ်တည်နေထိုင်သည့် အမူအကျင့် မရှိဘဲ မိဘနှစ်ပါးမှ မွေးဖွားလာကတည်းက မိသားစုဘဝကိုရရှိခဲ့ကြသည်။ သွေးရင်းသားရင်းမိသားစုများမှ ဆွေမျိုးသားချင်းများဟူ၍ ဖြစ်လာကြပြီး ထိုမှတစ်ဆင့် ဆွေမျိုးစု၊ မျိုးနွယ်စုများအဖြစ် ပိုမိုကြီးမားသည့် လူ့အဖွဲ့အစည်းဖြစ်လာကာ လူမျိုးစုအထိ ကျယ်ပြန့်လာသည့်သဘောဖြစ်ပါသည်။

ထို့အပြင် လူဟူသည် အခြားသတ္တဝါများထက် ပို၍အသိဉာဏ်ရှိပြီး ဆည်းပူးလေ့လာသင်ယူနိုင် စွမ်းလည်းရှိကြသည်။ မိမိသင်ယူမှတ်သားထားသည်များကို အခြေခံကာ ဆင့်ပွားတွေးခေါ်ဆင်ခြင် နိုင်စွမ်းလည်းရှိပေသည်။ ထိုမှတစ်ဆင့် တီထွင်ဖန်တီးခြင်း၊ ပိုမိုကောင်းမွန်ဆန်းသစ်သည့် နည်းလမ်းများ ရှာဖွေခြင်းတို့ ပြုလုပ်နိုင်ကြပေသည်။ ထို့ပြင် ခံစားတတ်သည့် နှလုံးသားလည်းရှိသည်မို့ စိတ်ခံစားမှုအမျိုးမျိုးကို ကူးစက်ခံစားနိုင်ကြသည်။ ထိုမှ နားလည်စာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ ကိုယ်ကျိုးစွန့်အနစ်နာခံလိုစိတ်စသည့် အကောင်းမြင် စေတနာသဒ္ဓါတရားများ ပေါ်ပေါက်လာတတ်သကဲ့သို့ မခံချင်စိတ်၊ ရန်လိုအမုန်းပွားစိတ်၊ နာကြည်းစိတ် စသည့်အဆိုးမြင် အာဃာတတရားများလည်း ပေါ်ပေါက်လာတတ်ကြပါသည်။


လူသားတာဝန်

အကောင်းမြင်စိတ်ရှိမှသာ တိုးတက်မှုကို ရှေးရှုနိုင်မည်ဖြစ်ပြီး အဆိုးမြင်စိတ်ဟူသည် ပျက်စီးရာ ပျက်စီးကြောင်းကိုသာ ဦးတည်တတ်သည်ကို လူတိုင်းအသိပင်ဖြစ်သည်။ ဆိုလိုချင်သည်မှာ လူဟူ၍ဖြစ်လာလျှင် မိမိကိုယ်တိုင်ပါဝင်သည့် လူ့အဖွဲ့အစည်းလူ့လောက လူ့အသိုင်းအဝိုင်းကို အကောင်းမြင်စိတ်ဖြင့် တိုးတက်အောင် ဝိုင်းဝန်းတည်ဆောက်ကြဖို့ တာဝန်ရှိနေသည်ဟူသော အချက်ဖြစ်သည်။ ထိုတာဝန်ကို မည်သူကပေးထား သနည်းဟုမေးလျှင် မွေးကတည်းကပါလာသည့် လူသားတာဝန်ဟုသာ ဖြေဆိုရပါမည်။ အဆိုပါတာဝန်ကိုလည်း တခုတ်တရ သတ်သတ်မှတ်မှတ် လုပ်ဆောင်ရန်မဟုတ်ဘဲ မိမိက စိတ်စေတနာကောင်းထားခြင်း၊ အများအကျိုးကို လိုလားခြင်း၊ မိမိကြောင့် သူတစ်ပါးအကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်မျိုးများကို ရှောင်ရှားခြင်း၊ လူအချင်းချင်း ရိုင်းပင်းညှာတာထောက်ထားခြင်းတို့ဖြင့် ပြုမူကျင့်ကြံပြောဆိုနေထိုင်ရုံလောက်ဖြင့် ပင် လူသားတာဝန်ကို ကျေပွန်ရာရောက်သည်ဟု ဆိုနိုင်ပေသည်။

မိမိနေထိုင်ရာနိုင်ငံ၏ လိုအပ်ချက်အရ အရေးကြုံလာပြီဆိုလျှင်တော့ မိမိအနေဖြင့် သည်နိုင်ငံ၏ နိုင်ငံသားတစ်ယောက်အနေဖြင့် မိမိတွင်လည်း တာဝန်ရှိသည်ဟူသော အသိစိတ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံလိုသည့် အသိစိတ်ဓာတ်မျိုးအထိ ရှိထားရန်လိုသည်။ သို့မှသာ နိုင်ငံသားတာဝန် ကျေပွန်ရာရောက်ပေမည်။ ယင်းသို့သော အသိစိတ်ဓာတ်မျိုးသည် တစ်စုံတစ်ယောက်က နှိုးဆော် တိုက်တွန်းရန်မလိုဘဲ နေရာဒေသ အချိန်အခါ အခြေအနေများအရ ဖြစ်ပေါ်လာရမည့်အသိ စိတ်ဓာတ်ဟုပင် ဆိုချင်ပါသည်။ မိမိပတ်ဝန်းကျင် တွင် ဖြစ်ပျက်နေသည်များ၊ မိမိနယ်မြေ၊ မိမိဒေသ၊ မိမိနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို မျက်ခြည် မပြတ် လေ့လာသုံးသပ်ကာ မိမိအနေဖြင့် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ပေးရမည်နည်းဆိုသည့် အသိစိတ်ဓာတ်မျိုး နိုင်ငံသားအားလုံးတွင် ရှိထားကြမည်ဆိုလျှင် အဆိုပါနိုင်ငံသည် စည်းလုံး ညီညွတ်မှုရှိသောနိုင်ငံသားများကို ပိုင်ဆိုင်ထားပြီး တစ်စထက်တစ်စ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်မှာ ဧကန်မုချပင်ဖြစ်ပါသည်။


ညီညွတ်မှုအင်အားကို ပြသရမည့်အချိန်ဖြစ်

နိုင်ငံသားများသည် အဆိုးဘက်တွင် ညီညွတ်သည်ထက် အကောင်းဘက်တွင်သာ ညီညွတ်ကြရန် လိုအပ်ပါသည်။ ယနေ့မိမိတို့နိုင်ငံတွင် အကောင်းမြင်စိတ်ဖြင့် အကောင်းဘက်သို့ ဦးတည်သည့် ညီညွတ်မှုမျိုး အထူးလိုအပ်နေချိန်ဖြစ်ပါသည်။ လတ်တလောနိုင်ငံအခြေအနေကို ပြန်ကြည့်လိုက် လျှင် အချို့ဒေသများတွင် တည်ငြိမ်အေးချမ်းမှု ပျက်သုဉ်းနေပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ် လျက်ရှိသည်။ သည်လိုအနေအထားမျိုးတွင် နိုင်ငံသားများက မိမိနှင့်မဆိုင်ဟုဆိုကာ နေသာသလို နေရမည့်အချိန်မဟုတ်ပေ။ တည်ငြိမ်အေးချမ်းမှုရရှိ စေရန်အတွက် နိုင်ငံတော်အစိုးရနှင့်အတူ လိုအပ် သလို ဝိုင်းဝန်းကူညီလုပ်ဆောင်ကြရမည့်အချိန်ဖြစ်သည်။ နိုင်ငံသားတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ညီညွတ်မှုအင်အားကို ပြသရမည့်အချိန်ဖြစ်သည်။

နိုင်ငံသားပြည်သူများ ပူးပေါင်းပါဝင်နိုင်သည့် နည်းလမ်းများစွာရှိပါသည်။ ဥပမာ မိမိဒေသတွင် ပြည်သူ့စစ်အဖွဲ့များရှိလျှင် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းမျိုး၊ မိမိရပ်ကွက်ကို လုံခြုံအောင် အလှည့်ကျ ကင်းစောင့်ခြင်းမျိုး၊ အကြမ်းဖက်သမားများအတွက် ငွေကြေးထောက်ပံ့မှု၊ အွန်လိုင်း မီဒီယာမှတစ်ဆင့် အားပေးအားမြှောက်ပြုမှုများ မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းမျိုး၊ ပုံမှန်မဟုတ်သည့် လုပ်ရပ်များကို မသင်္ကာဖွယ်တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းမျိုးတို့ဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ပါသည်။ ယင်းသို့သောလုပ်ရပ်များသည် နိုင်ငံသားတစ်ယောက်၏ တာဝန်များပင် ဖြစ်သည်။ ထိုသို့သော အသိစိတ်ဓာတ်ဖြင့် အစဉ်အမြဲသတိရှိနေမည်၊ အသိရှိနေမည်၊ အသင့်ရှိနေ မည်ဆိုလျှင် နိုင်ငံအတွက် အားထားရသည့် နိုင်ငံသားတစ်ယောက်ဖြစ်ပြီဟု ဆိုချင်ပါသည်။ အသိစိတ်ဓာတ်ပြည့်ဝသည့် နိုင်ငံသားများနေထိုင်သော နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုဆီ အစဉ်အမြဲ ဦးတည်နေမည်သာဖြစ်ပေသည်။

နိုင်ငံသားတစ်ယောက်သည် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ဆောင်ချက်များနှင့်လည်း တစ်သားတည်း ရှိရန်လိုအပ်ပါသည်။ သာမန်အားဖြင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း၊ ပေးဆောင် ရမည့်အခွန်အခများကို ပေးဆောင်ခြင်း၊ ဥပဒေချိုးဖောက်မည့်သူများကို ဝိုင်းဝန်းတားဆီး ကာကွယ်ခြင်း၊ ဥပဒေထိန်းသိမ်းရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းတို့ ပြုလုပ်သည်ဆိုလျှင်ပင် အစိုးရနှင့် တစ်သားတည်းရှိနေပြီဟု ဆိုနိုင်ပါသည်။ အစိုးရအဖွဲ့ဟူသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည် ချက်များ၊ မူဝါဒများချမှတ် ဆောင်ရွက်ကြသည် ချည်းဖြစ်သည်။ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွား အတွက် ရည်ရွယ်ထားကြခြင်းဖြစ်၍ နိုင်ငံသားများကလည်း အစိုးရနှင့် ရည်မှန်းချက်တူသူများအဖြစ် ပြည်ထောင်စုအကျိုး လိုလားသူများလည်းဖြစ်သည်။ ယင်းကိုပင် ပြည်ထောင်စုစိတ်ဓာတ်ဟု ဆိုရမည်ဖြစ်ပါသည်။


ပြည်ထောင်စုစိတ်ဓာတ်ဟူသည်

ပြည်ထောင်စုစိတ်ဓာတ်သည် လူတစ်ဦးချင်းနှင့် သက်ဆိုင်သကဲ့သို့ အစုအဖွဲ့အလိုက်၊ တိုင်းရင်းသား လူမျိုးစုအလိုက်နှင့်လည်း သက်ဆိုင်နေပါသည်။ ဒို့တာဝန်အရေးသုံးပါးတွင် ပြည်ထောင်စုမပြိုကွဲရေး ကို ဖော်ပြထားရာ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများအားလုံး စိတ်ဝမ်းမကွဲရေးကို ဆိုလိုရာရောက်ပြီး ပြည်ထောင်စု၏ နယ်မြေအစိတ်အပိုင်းတစ်ခု တလေမျှကိုပင်လျှင် ပြိုကွဲမသွားရအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း ဆိုလိုခြင်းဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး စိတ်ဝမ်းမကွဲဘဲ ချစ်ခင်စည်းလုံးကြရန်၊ နိုင်ငံနယ်နိမိတ်အတွင်းရှိ မည်သည့်နယ်မြေအစိတ်အပိုင်းကိုမျှ မဆုံးရှုံးရလေအောင် ကာကွယ်စောင့်ရှောက်ကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ခံယူထားကြရမည် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ပြည်ထောင်စုစိတ်ဓာတ်ဟူသည် မည်သည့်အဖွဲ့အစည်းဖြစ်စေ၊ မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်စေ၊ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ ထုံးတမ်းစဉ်လာများ မည်သို့ပင် ကွဲပြားသည်ဖြစ်စေ ပြည်ထောင်စုတစ်ဝန်းလုံး၊ တစ်မျိုးသားလုံးနှင့် ဆိုင်သည့် အရေးကိစ္စမျိုးတွင် ကွဲပြားခြားနားမှုမရှိ တစ်သွေးတည်း တစ်သားတည်းဖြစ်သည် ဟူသော အမျိုးသားရေးစိတ်ဓာတ်ကို ဆိုလိုခြင်း ဖြစ်ပါသည်။

ဤတွင် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသည့် ဖဆပလညီလာခံတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့်မိန့်ခွန်းကို ကောက်နုတ်တင်ပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက “လူမျိုးဆိုတာ ဒုက္ခသုခ အတူခံစားကြပြီးတော့ နီးနီးစပ်စပ် အကျိုးထပ်ပြီး နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပဲလို့ စိတ်ထားရှိသူတွေကို တစ်စုတည်းပေါင်းပြီးခေါ်တာပဲဖြစ်တယ်။ အမျိုး အနွယ်၊ ကိုးကွယ်တဲ့ဘာသာတရား၊ ပြောဆိုတဲ့ ဘာသာစကားတို့ကို အရေးထားရမှာဖြစ်ပေမယ့် တကယ်စင်စစ်ကတော့ အေးအတူပူအမျှ ကောင်းတူ ဆိုးဖက်ပေါင်းပြီး နေထိုင်လိုတဲ့အစဉ်အလာ ဆန္ဒ ပေါ်မှာ ဝံသာနုရက္ခိတတရားက တည်နေတာဖြစ်တယ်” ဟု မိန့်ကြားခဲ့ပါသည်။ တိုင်းရင်းသား လူမျိုးများအားလုံး မည်သို့ပင် မတူကွဲပြားခြားနား ကြစေကာမူ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပူးပေါင်းနေထိုင်ကြရမည့်စိတ်ထားကို မွေးမြူကြရန် တိုက်တွန်း ထားခြင်းဖြစ်သည်။ ယင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဟူသည့် အဓိပ္ပာယ်နှင့် ထပ်တူကျနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကိုကြည့်လျှင် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို လွှမ်းခြုံခြင်းမရှိဘဲ မိမိတို့နယ်မြေဒေသအလိုက် လွှမ်းမိုးခြယ်လှယ်လိုသည့် ကိုယ်ကျိုးအတ္တအတွက်သာ ဦးတည်ထား သည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါ အတ္တအကျိုး စီးပွားများသည် ၎င်းတို့၏ နယ်မြေဒေသအတွက် လည်းအကျိုးမရှိ၊ ၎င်းတို့၏ တိုင်းရင်းသားလူမျိုးများ အတွက်လည်း အကျိုးမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးကြရသည့်အပြင် ဒေသတွင်းရှိ လမ်းတံတား၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများ၊ လျှပ်စစ်တာဝါတိုင်၊ ဆက်သွယ်ရေးတာဝါတိုင်စသည့် အခြေခံအဆောက်အအုံများပါ ပျက်စီးဆုံးရှုံး နေရသည်။ ယင်းသည် ပြည်ထောင်စု၏ ဆုံးရှုံးမှုဖြစ်သကဲ့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဆုံးရှုံးမှုများလည်း ဖြစ်ပေသည်။

ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နေသော လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေး အဖြေရှာပြီး တရားဥပဒေနှင့်အညီ ဒီမိုကရေစီ နည်းလမ်းကျစွာ လက်တွဲဖြေရှင်းကြရန် ပြည်သူ တစ်ရပ်လုံးက မျှော်လင့်နေကြပြီဖြစ်၍ ပြည်ထောင်စုအကျိုးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဖော်ဆောင်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်တင်ပြလိုက်ရပါသည်။ ။


မျိုးချစ်သစ္စာ

#MNP #Article

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)