ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇန်နဝါရီ ၂၆

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြီးကြပ်စစ်ဆေးရေး အရာရှိရုံး၊ သိုလှောင်ဖြန့်ဖြူးရေးဌာနနှင့် ပြည်တွင်းထုတ် စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးသို့ ရောက်ရှိရာ တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေအတွင်း စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိ မရှိ စစ်ဆေးကြပ်မတ်နေမှု၊ စက်သုံးဆီတင်ယာဉ်များကို ရှောင်တခင်စစ်ဆေးကြီးကြပ်မှု၊ အရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့် အချိန်အတွယ်ကိုက်ညီမှန်ကန်မှု ရှိစေရေး Mobile Fuel Lab ဖြင့် စစ်ဆေးမှု၊ စက်သုံးဆီ အရောင်းဆိုင်များရှိ ဝန်ထမ်းများအား သင်တန်းပို့ချမှုနှင့် ဝန်ထမ်းများအတွက် သက်သာချောင်ချိရေး ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်သုံးဆီအရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချရာတွင် အရည်အသွေးနှင့် အချိန်အတွယ်ကိုက်ညီ မှန်ကန်မှုရှိစေရေး အမြဲမပြတ်စစ်ဆေးကြပ်မတ် သွားရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ပထမအဆင့်အနေဖြင့် ပြည်တွင်းထုတ်ဓာတ်ဆီကို နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် သုံးဆိုင်မှ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များအား ဖြန့်ဖြူးရောင်းချ ပေးခဲ့ပါကြောင်း၊ ယခုအခါ ပြည်သူများ၏တောင်းဆိုချက်အရ ဒုတိယအဆင့်အနေဖြင့် Ron 68 အသုံးပြုရန် သင့်လျော်သည့် အများပြည်သူပိုင်မော်တော်ယာဉ်များနှင့် ဝန်ကြီးဌာနများ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်များအား ယနေ့မှစတင်၍ လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ကျယ်ပြန့်စွာဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲရခြင်း ကြောင့် သုံးစွဲသူများ၏ လူမှုစီးပွားရေးကို အထိုက်အလျောက် ကူညီပေးသွားနိုင်မည် ဖြစ်သဖြင့် ဝန်ထမ်းများက မိမိတို့အလုပ်တာဝန်အပေါ် စေတနာထား ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းဖြစ်သည့်အတွက် သုံးစွဲသူများ၏အကြံပြုချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သိုလှောင်ဖြန့်ဖြူးရေးဌာနနှင့် စက်သုံးဆီ အရောင်းဆိုင်အတွင်း ပြည်တွင်းထုတ်စက်သုံးဆီ ဖြန့်ဖြူးရောင်းချပေးနေမှုအခြေအနေကို ကြည့်ရှု စစ်ဆေးပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။


#MNP #News #Naypyitaw

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)