“ရွှေစင်အကယ်ဒမီရွှေဆိုင်” အား သေနတ်ပြခြိ မ်းခြောက်၍ ရွှေထည်ပစ္စည်းမျိုးစုံ ၃ ပိဿာ ၅၅ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၃ဝ,ဝဝဝ ခန့်) အား လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား ၂ ဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ရွှေစင်အကယ်ဒမီရွှေဆိုင်” အား သေနတ်ပြခြိ မ်းခြောက်၍ ရွှေထည်ပစ္စည်းမျိုးစုံ ၃ ပိဿာ ၅၅ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၃ဝ,ဝဝဝ ခန့်) အား လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား ၂ ဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇန်နဝါရီ ၂

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ “ရွှေစင်အကယ်ဒမီရွှေဆိုင်”၌ ရွှေဆိုင်ပိုင်ရှင် ဒေါ်ဝင်းဝင်းအေး (၅၂) နှစ်သည် ဆိုင်ပိတ်ပြီး ဆိုင်အတွင်း အရောင်းဝန်ထမ်းများနှင့်အတူ ရှိနေစဉ် နံပါတ်မပါ Click အနက်ရောင်ဆိုင်ကယ် ၁ စီးဖြင့် Mask များတပ်ဆင်ထားသည့် အမျိုးသား ၃ ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး ၁ ဦးမှာ ဆိုင်ပေါက်ဝတွင် စောင့်နေကာ ပစ္စတိုသေနတ်ကိုယ်စီကိုင်ဆောင်ထားသည့် အမျိုးသား ၂ ဦးမှာ ဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ပြခြိမ်းခြောက်ပြီး ကောင်တာဘေးစားပွဲပေါ်တွင် တင်ထားသော ရွှေထည်အတုံး/ ဆွဲကြိုး/ လက်ကောက်ထည့်ထားသည့် ပလတ်စတစ်ပုံး ၃ ပုံးအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်းရွှေအလေးချိန် ၃ ပိဿာ ၅၅ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၃၀,၀၀၀ ခန့်) အား လုယက်ယူဆောင်ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး မဟာအောင်မြေမြို့မရဲစခန်း (ပ) ၃၃၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့်စုံစမ်းဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်း ဖြစ်ရပ်မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ “ရွှေစင် အကယ်ဒမီ”ရွှေဆိုင်အား လုယက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ဆိုင်ကယ် ၂ စီးအနက် 36W/ 96027 Honda CBR 150 အမျိုးအစားဆိုင်ကယ်အား ချမ်းအေးသာစံမြို့နယ်၊ “အလင်းရောင်” ဆိုင်ကယ်ပြုပြင်ရေးဆိုင်၌ အမျိုးသားတစ်ဦး (စိစစ်ဆဲ)မှ ပြန်လည်ရောင်းချပေးရန် လာရောက်အပ်နှံထားကြောင်းသိရှိရ၍ စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သည့်တရားခံ ပုသိမ်ကြီးမြို့နယ်၊ ဂွေ့ကြီးကုန်းကျေးရွာနေ ဖြိုးသက်အောင်(ခ) ဖြိုးလေး (၂၅) နှစ် (ဘ) ဦးတင်အောင်အား ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ “K- Mandalay" လက်ဖက်ရည်ဆိုင်အနီး၌ ဖမ်းဆီးရမိခဲ့ပြီး လုယက်ကျူးလွန်ရာမှ ဝေစုအဖြစ်ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ၎င်းနေအိမ်၌ သိမ်းဆည်းထားကြောင်းထွက်ဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ၎င်း၏နေအိမ်ရှိ Air Cooler အတွင်းမှ သက်သေခံရွှေထည် ပစ္စည်းမျိုးစုံ (၆၂) ကျပ်သား၊ (၄)ပဲ၊ (၂) ရွေးအား သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ ဖမ်းဆီးရမိတရားခံ ဖြိုးသက်အောင် (ခ)ဖြိုးလေး၏ ထွက်ဆိုချက်အရ လုယက်မှုကျူးလွန်ရာ၌ပါဝင်သူ တရားခံ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်နေ ဇင်မျိုးထိုက် (ခ)ဇင်မျိုး (၂၉)နှစ်(ဘ) ဦးဖဲမောင်အား ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီခွဲတွင် ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် SGG-47W/12410 Honda Click ဆိုင်ကယ် ၁ စီး၊ နေအိမ်အပေါ်ထပ်ရှိ Air Con အပေါ်မှ လုယက်ကျူးလွန်ရာမှ ဝေစုအဖြစ်ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ (၂၄) ကျပ်သားခန့်တို့အားလည်းကောင်း၊ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သော ဖမ်းဆီးရန်ကျန် တရားခံ အောင်မျိုးသူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ တရားခံ အောင်မျိုးသူအား တွေ့ရှိရခြင်းမရှိဘဲ ၎င်းအသုံးပြုသော KYN-47B/5913 Honda Fit ယာဉ်၏လေထိုးစက် အံဝှက်ခန်းအတွင်းမှ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ ၇၈ ကျပ် ၅ မူးသား အားလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့် ဇင်မျိုးထိုက်(ခ)ဇင်မျိုးတို့၏ ထွက်ဆို ချက်အရ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ၎င်းတို့နှင့် ခင်မင်ရင်းနှီးသူ မြဝတီမြို့နေ ဖမ်းဆီးရန်ကျန် တရားခံအောင်မျိုးသူနှင့် ဝင်းမြတ်သူတို့ ၂ ဦးမှာ မန္တလေးမြို့သို့ ရောက်ရှိနေကြောင်းသိရှိရသဖြင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် အောင်မျိုးသူထံတွင် ပစ္စတိုသေနတ် ၂ လက်ရှိ ကြောင်း၊ ၎င်းပစ္စတိုသေနတ်များအား အသုံးပြုကာ အောင်မျိုးသူမှ ခေါင်းဆောင်၍ ၎င်းတို့ ၄ ဦး သည် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက် ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်း ကြားရှိ “ရွှေစင်အကယ်ဒမီ”ရွှေဆိုင်အား ဝင်ရောက်လုယက်ရန် တိုင်ပင်ခဲ့ကြကြောင်း၊ နောက်ရက် များတွင် “ရွှေစင်အကယ်ဒမီ”ရွှေဆိုင်အနီး ပတ်ဝန်းကျင်သို့ သွားရောက်ကာ တစ်ဦးချင်းအလှည့်ကျ ၇ ရက်ခန့်အခြေအနေစောင့်ကြည့်ခဲ့ကြပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းပြန်သွားပြီးနောက် ဖြိုးသက်အောင်(ခ)ဖြိုးလေး၊ ဝင်းမြတ်သူ၊ အောင်မျိုးသူ တို့မှ CLICK ဆိုင်ကယ်ဖြင့်လည်းကောင်း၊ ဇင်မျိုးထိုက်(ခ)ဇင်မျိုးမှ CBR ဆိုင်ကယ်ဖြင့် လည်းကောင်း သွားရောက်ခဲ့ပြီး ဇင်မျိုးထိုက်(ခ)ဇင်မျိုးမှ ရွှေဆိုင်အနီး၌ CBR ဆိုင်ကယ်အား ကျယ်လောင်ဆူညံစွာ မောင်းနှင်၍ ပတ်ဝန်းကျင်အား အာရုံလွှဲထားပြီး အောင်မျိုးသူနှင့် ဝင်းမြတ်သူ တို့မှ ပစ္စတိုသေနတ် များကိုယ်စီကိုင်ဆောင်၍ ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့်အတူ ရွှေဆိုင်အတွင်း ဝင်ရောက်ကာ ဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊

လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ခေါင်းဆောင်ဖြစ်သူ အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့မှ (၁)ပုံ၊ ဖြိုးသက်အောင် (ခ) ဖြိုးလေးနှင့် ဇင်မျိုးထိုက်(ခ)ဇင်မျိုးတို့မှ (၁)ပုံစီ အသီးသီးခွဲဝေယူခဲ့ကြောင်း၊ ရွှေထည်ပစ္စည်းများအား ခွဲဝေရာတွင် ချိန်ခွင်ဖြင့် အတိကျမခွဲဘဲ အရွယ်အစားအလိုက်ခန့်မှန်း၍ ဆွဲကြိုး၊ ခေါက်သီး၊ လက်ကောက်၊ လက်စွပ်၊ အကြီးအသေးစသည် တို့ကို အချိုးကျခွဲဝေယူခဲ့ကြခြင်းဖြစ်ကြောင်းနှင့် လုယက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ပစ္စတို သေနတ် ၂ လက်မှာ အောင်မျိုးသူမှ မြဝတီမြို့၌ နေထိုင်စဉ် အမျိုးသားတစ်ဦး(စိစစ်ဆဲ)ထံမှ ဝယ်ယူ ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိသည်။

ဖြစ်စဉ်တွင် ရွှေစင်အကယ်ဒမီရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ အား လုယက်မှုကျူးလွန်ခဲ့သည့် ဖမ်းဆီးရမိတရားခံ ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့် ဇင်မျိုးထိုက် (ခ) ဇင်မျိုးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန် ကျန်တရားခံ အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)