သုံးခွ , ဇန်နဝါရီ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာဂရကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သုံးခွမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်နှင်းချိုက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ကျေးရွာသူ/သားများကိုယ်စားအုပ်ချုပ်ရေးမှူး ဦးသန်းပိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းသည် အရှည်ပေ ၉၀၀၊ အကျယ် ၈ပေ၊ ထု ၆ လက်မရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၉ဒဿမ၇၅)သန်း၊ စုစုပေါင်းရန်ပုံငွေ(၂၄ ဒဿမ ၇၅)သန်းကို အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများက ၂၀၂၄ ခုနစ် အောက်တိုဘာလ စတုတ္ထအပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံးရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။
စည်သူလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment