ပုသိမ်၊ ဇန်နဝါရီ ၂၁
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယမန်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် သဗြုဆိပ်ညောင်ချောင်းကျေးရွာ ညောင်ချောင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ချောင်းဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖူးမျော်ကြည်ညိုကာ လှူဖွယ်ဝတ္ထူများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် အထူးကုဆရာဝန်ကြီးများနှင့် နယ်လှည့် ဆေးကုသရေးအဖွဲ့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး မျက်စိပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူ၊ ခွဲစိတ်ပါရဂူ၊ အထွေထွေရောဂါ၊ သားဖွား/ မီးယပ်ပါရဂူ၊ ကလေးပါရဂူ၊ အရိုးပါရဂူများမှ ကုသနေမှုများအား ကြည့်ရှုအားပေးခဲ့ကာ လာရောက်ကုသသည့်လူနာများအား လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ်(ရွှေပုဇွန်)ဖြင့် ကျိုက်လတ်မြို့နယ် သဗြုဆိပ်ညောင်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ယခုလ ၁၉ ရက်နေ့မှ ယနေ့အထိ လူနာ ၈၃၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment