ရှမ်းရွာသစ်၊ ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ နိုင်ငံတော်မှအားထားရသော မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပညာရေးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအုပ်စု ဘောလုံးပြိုင်ပွဲကို ရှမ်းရွာသစ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆုရရှိသူများအား ယမန်နေ့မွန်းလွဲ (၄)နာရီအချိန်က ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသူလေးများက ဝါကာဝါကာသီချင်းဖြင့် ဦးစွာကပြဖျော်ဖြေပြီးနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆု၊ ရှေ့တန်းကစားသမားဆု၊ အလယ်တန်းကစားသမားဆု၊ နောက်တန်းကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ပထမ၊ ဒုတိယ၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် ဇွဲအကောင်းဆုံးဆုများကို မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအုပ်စုဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ (၅)ရက်နေ့မှ (၈) ရက်နေ့အထိ မြို့အတွင်းရှိ အခြေခံ ပညာမူလတန်းကျောင်းပေါင်း (၆)ကျောင်းမှ ကျား/မ ဘောလုံးအသင်း (၁၁)သင်းဖြင့် (၄)ရက်တာကာလ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇင်လေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment