မအူပင်မြို့၌ မဟာဘွဲ့နှင်း/စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့၌ မဟာဘွဲ့နှင်း/စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ



မအူပင်၊ ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပထမပြန်စာမေးပွဲတို့တွင် မအူပင်မြို့နယ်အတွင်း သီတင်းသုံး၍ ဖြေဆိုအောင်မြင်တော်မူကြကုန်သော စာအောင်သံဃာ/သီလရှင်တို့အား မဟာဘွဲ့နှင်း/စူဠ ဘွဲ့နှင်းဂုဏ်ပြုခြင်းအခမ်းအနားကို ဇန်နဝါရီလ(၅)ရက်နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ ဘုရားလမ်းရှိ ခရိုင်သာသနာ့ဗိမ္မာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။

အခမ်းအနားအား နမောတဿ မဟာပဏာမဘုရားရှိခိုးဖြင့် အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရတနာလင်္ကာရကျောင်းတိုက်ဆရာတော် ဦးသောဘဏထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ သာသနာရေးဆိုင်ရာများနှင့် ပရိယတ္တိပူဇာအတွက် ရာသက်ပန်အလှူတော်ငွေ စီစဉ်ထားရှိမှုများအား တင်ပြလျှောက်ထားသည်။ ယင်းနောက်စာအောင် သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်ခြင်း၊ အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ အလှူရှင်များအား အနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းများအား တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ဩဝါဒနှင့် အနုမောဒနာစကားနာကြားပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပထမပြန်စာမေးပွဲတို့၌ မအူပင်မြို့နယ်အတွင်းမှ ဓမ္မာစရိယတန်း (၈)ပါး၊ ပထမကြီးတန်း(၇)ပါး၊ ပထမလတ်တန်း(၃)ပါး၊ ပထမငယ်တန်း(၁၅)ပါးနှင့် အခြေပြုမူလတန်း(၃၃)ပါး၊ စုစုပေါင်း(၆၆)ပါး ဖြေဆိုအောင်မြင်တော်မူကြောင်း သိရသည်။


အောင်မြင့်မြတ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)