တပ်နယ်များအလိုက် မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသအတွင်း အကြမ်းဖက်မှုများမရှိစေရေး၊ လက်နက်ကိုင်၍ ပြည်သူလူထုကို အနိုင်ကျင့်နေမှုများမရှိစေရေး နယ်မြေလုံခြုံရေးတာဝန်များကို စနစ်တကျဆောင်ရွက်သွားရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်နယ်များအလိုက် မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသအတွင်း အကြမ်းဖက်မှုများမရှိစေရေး၊ လက်နက်ကိုင်၍ ပြည်သူလူထုကို အနိုင်ကျင့်နေမှုများမရှိစေရေး နယ်မြေလုံခြုံရေးတာဝန်များကို စနစ်တကျဆောင်ရွက်သွားရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား






နေပြည်တော်၊ ဇန်နဝါရီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ဌာနချုပ်ခန်းမများ၌ သီးခြားစီတွေ့ဆုံအမှာစကားပြောကြားစဉ် တပ်နယ်များအလိုက် မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသအတွင်း အကြမ်းဖက်မှုများမရှိစေရေး၊ လက်နက်ကိုင်၍ ပြည်သူလူထုကို အနိုင်ကျင့်နေမှုများမရှိစေရေး နယ်မြေလုံခြုံရေးတာဝန်များကို စနစ်တကျဆောင်ရွက်သွားရန် ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်ပိုင်းနှင့်ပတ်သက်၍ ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရ၊ စစ်ရေးအရ ဖြစ်ပေါ်လာသည့် ပြည်တွင်းပြည်ပ အန္တရာယ်များကြား၌ မိမိတို့တပ်မတော်သားများသည် နိုင်ငံနှင့်ပြည်သူအကျိုးအတွက် စွန့်လွှတ်စွန့်စားခြင်းများစွာဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးနှင့် အတူပေါ်ပေါက်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုများ၊ ဝါဒစွဲဂိုဏ်းဂဏစွဲကြောင့် ဖြစ်ပေါ်လာသည့် ထိုးနှက်တိုက်ခိုက်မှုများကြားတွင် တပ်မတော်အနေဖြင့် စစ်မှန်သည့် အမျိုးသားရေးတာဝန်ကိုသာရှေးရှုပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးသယ်ပိုးခဲ့သည်မှာ သမိုင်းသက်သေရှိပြီးဖြစ်ကြောင်း၊ ယခုမိမိတို့တပ်မတော်၏ နိုင်ငံ့အရေးတာဝန်များကို ထမ်းဆောင်နေမှုများသည်လည်း သမိုင်းများပင်ဖြစ်သဖြင့် သမိုင်းမှတ်တမ်းကောင်းကို ရေးထိုးနိုင်ရမည်ဖြစ်ကြောင်း၊ လက်ရှိပြည်တွင်း၊ ပြည်ပအန္တရာယ်များ၊ ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသူများအားလုံး၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကိုလည်း မိမိအနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ နိုင်ငံနှင့်ပြည်သူတို့အတွက် မြင့်မြတ်လှသည့် တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့တပ်မတော်သားများ၏ ဘဝကိုဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုကြောင်း၊ မိမိတို့နေ့စဉ်လှုပ်ရှားသွားလာမှုများ ဆောင်ရွက်ရာ၌ စစ်သည်တစ်ဦးချင်းစီအလိုက် ပတ်ဝန်းကျင်ကို သိရှိမှတ်သားတတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူထားရှိရန်လိုပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုကြောင်း၊ တစ်ဦးချင်းစီအလိုက်၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် စစ်ရေးအသိ၊ စစ်ရေးသတိရှိရန်လိုပြီး နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်ပတ်သက်ပါက ဖြစ်ပေါ်လာနိုင်သည်များကို ကြိုတင်မျှော်တွေး ပြင်ဆင်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။

နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသည့် ဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ အသက်ခန္ဓာဆုံးရှုံးခဲ့ကြရသကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားသည့် လမ်းတံတားများ၊ စက်ရုံအလုပ်ရုံများ၊ အဆောက်အဦများ များစွာပျက်စီးဆုံးရှုံး ထိခိုက်နစ်နာခဲ့ရကြောင်း၊ ထိုကဲ့သို့နိုင်ငံတော်မှ ထိခိုက်နစ်နာရသကဲ့သို့ ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း လူမှုရေး၊ စီးပွားရေးအရ ထိခိုက်နစ်နာခဲ့ရခြင်းများရှိခဲ့ကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သော စိတ်ဓာတ်တို့ဖြင့် ကာကွယ်သွားရမည်ဖြစ်ကြောင်း၊ တပ်နယ်များအလိုက် မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသအတွင်း အကြမ်းဖက်မှုများမရှိစေရေး၊ လက်နက်ကိုင်၍ ပြည်သူလူထုကို အနိုင်ကျင့်နေမှုများမရှိစေရေး နယ်မြေလုံခြုံရေးတာဝန်များကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်မတော်သားများအနေဖြင့်လည်း တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည်ဆောက်၍ တပ်နှင့်ပြည်သူ တစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိရန်လိုကြောင်း၊ တပ်တွင်း၊ တပ်ပြင်အင်အားများကို တည်ဆောက်၍ စုစည်းညီညွတ်သည့်အားဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ဒေသ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်ပြီး ပြည်သူကလေးစားရသည့်၊ အားကိုးရသည့် စစ်သည်များဖြစ်အောင် နေထိုင်ကြရမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စုစည်းညီညွတ်သည့် အင်အားဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး တပ်မတော်သားတိုင်းအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်ပါက စစ်သားစိတ်မွေး၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့သင်ကြားခဲ့ရသည့် စစ်ပညာများ၊ တွေ့ကြုံခဲ့ရသည့် လူမှုဆက်ဆံရေး အသိပညာ၊ အတတ်ပညာများကို လက်တွေ့နယ်ပယ်၌ အကျိုးရှိရှိ အသုံးချနိုင်ရမည် ဖြစ်ကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် မူဝါဒအတိုင်း စဉ်ဆက်မပြတ် ပြောင်းလဲ တိုး တက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်၊ သင်ယူထားရှိ ပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် အတတ်ပညာများကို ပိုမိုကျွမ်းကျင်အောင် အမြဲလေ့ကျင့်နေရမည်၊ ချမှတ်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများကို အမြဲလိုက်နာ ကျင့်သုံးနေရမည်ဖြစ်ကြောင်း၊ စစ်မှုရေးရာကိစ္စရပ်များသာမက အခြားသောလုပ်ငန်း များဆောင်ရွက်ရာတွင်လည်း ထိုကဲ့သို့ကျင့်သုံးဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း။

ပညာရေးနှင့် ပတ်သက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိတို့ဘဝတိုးတက်ရေးကို အထောက်အကူပြုစေမည့် ဗဟုသုတများရရှိစေရန် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ မိမိတို့ကိုယ်တိုင် အသိပညာဗဟုသုတများရရှိစေရေး စာပေဖတ်မှတ်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိမိတို့၏ သားသမီးများကိုလည်း ပညာရေးအားပေးရန်၊ စာပေဖတ်မှတ်တတ်သည့် အလေ့အကျင့်ကောင်းကို ပြုလုပ်ပေးရန်လိုကြောင်း၊ စာကောင်းပေမွန်များကို ရွေးခြယ်ဖတ်ရှုစေပြီး အသိပညာအတတ်ပညာကြွယ်ဝသည့်၊ ယဉ်ကျေးသိမ်မွေ့သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ သားသမီးများ၏ ပညာရည်မြင့်မားရေးအတွက် အားပေးဆောင်ရွက်၍ မိဘကောင်းများဖြစ်အောင် ဆောင်ရွက်ကြစေလိုပြီး ကောင်းမွန်သည့်ပညာအမွေကို ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိတ္ထီလာဒေသတွင် ပညာရေးနှင့်ပတ်သက်၍ အခွင့်အလမ်းကောင်းများစွာရှိပြီးဖြစ်သဖြင့် အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့် မိမိတို့၏ သားသမီးများ၏ ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

သက်သာချောင်ချိရေးနှင့်ပတ်သက်၍ မိမိတို့တပ်မတော်သားများ၏ စားသောက်နေထိုင်မှုမှအစ လူနေမှုအဆင့်အတန်းများကို အဆင့်နှင့်လျော်ညီစွာ ဖြည့်ဆည်းပေးထားပြီး ရသင့်ရထိုက်သည့် ရပိုင်ခွင့်များအပြင် အခြားလိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဦးစီးခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့၏လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည် ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များအားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန်လိုပြီး နိုင်ငံတော်နှင့်တပ်မတော်မှ ပေးအပ်လာသည့် တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ မိတ္ထီလာတပ်နယ်မှူးနှင့် တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူး၏ဇနီးနှင့် တိုင်းမှူး၏ ဇနီးတို့ကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)