၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်သင် ဆရာ ဆရာမများအတွက် ဆရာများတတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်သင် ဆရာ ဆရာမများအတွက် ဆရာများတတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၂၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်သင် ဆရာ ဆရာမများအတွက် ဆရာများ တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ကို နားလည်သဘောပေါက်စေရန်၊ အညွှန်းဘောင်ပါ ပညာရပ်နယ်ပယ် တစ်ခုချင်းစီအလိုက် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံကို ရင်းနှီးကျွမ်းကျင်စေရန်၊ ဆရာလမ်းညွှန်ပါ သင်ခန်းစာများကို အညွှန်းဘောင်နှင့်ချိတ်ဆက်တတ်ရန်၊ အညွှန်းဘောင်နှင့်ချိတ်ဆက်၍ သင်ခန်းစာပြင်ဆင်ခြင်း၊ သင်ကြားခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းစသည့် လုပ်ငန်းစဉ်များကို ခြုံငုံသုံးသပ်တတ်ရန်၊ သုံးသပ်ချက်များမှတစ်ဆင့် အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်တတ်ရန် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင် (Teacher Com-petency Standards Framework-TCSF)နှင့် သင်ရိုးသစ် သင်ရိုးညွှန်းတမ်းတို့ကိုချိတ်ဆက်ပြီး သင်ကြားနိုင်ရေးဆွေးနွေးသွားမည်ဖြစ်ရာ အလယ်တန်းဆင့် သင်ရိုးသစ်၏ သင်ပြနည်းများကို စာတွေ့၊ လက်တွေ့ပေါင်းစပ်ပြီး ကျောင်းသား ကျောင်းသူများအား ထိရောက်စွာ ပြန်လည်သင်ကြားနိုင်ကြမည်ဟု ယုံကြည်ကြောင်း၊ TCSF ၏ စံနှုန်းများကိုလေ့လာပြီး ကျောင်းသားများအတွက် အကျိုးရှိသည့် သင်ကြားရေးနည်းလမ်းများနှင့် သင်ခန်းစာပါအကြောင်း အရာများကို အကောင်းဆုံးပုံစံဖြင့် သင်ကြားပေးနိုင်မည်ဖြစ်ကာ မိမိတို့၏သင်ကြားမှုများကိုလည်း ထိရောက်သော စီမံခန့်ခွဲမှုများဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက အခြေခံပညာ အလယ်တန်းဆင့်သင်(အသစ်ဝင်စ) ဆရာ ဆရာမများအတွက် ဆရာတတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့်နည်းပြ သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သင်တန်းကို အစီအစဉ်အတိုင်း စတင်ဖွင့်လှစ်သည်။

ယခုသင်တန်းသို့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လုပ်သက်(၅)နှစ်နှင့်အထက် အလယ်တန်းဆင့်သင် ဆရာ ဆရာမ ၁၁၅ ဦး တက်ရောက်ကြပြီး သင်တန်းကို ဇန်နဝါရီ ၂၂ ရက် မှ ၂၄ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)