နေပြည်တော်၊ ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန် တေးသီးချင်းဖြင့် သီဆိုတင်ဆက်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် လူငယ်များအနေဖြင့် နိုင်ငံတော်၏အားထားရမည့် လူစွမ်းအားအရင်းအမြစ်များဖြစ်၍ ကိုယ်ကျင့်တရားနှင့်စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမှာဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များကို အစဉ်တစိုက်စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပြီး လူငယ်များ၏ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ကြဖို့လိုအပ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ လူငယ်များအနေဖြင့် မိမိတို့၏ဘဝရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် အတတ်ပညာတတ်မြောက်ပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်ကြိုးစားကြရမှာဖြစ်ပြီး IT နည်းပညာများ၊ အထွေထွေဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာကာ အရည်အချင်းပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ထို့နောက် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က “မျိုးချစ်စိတ်ဓာတ်ရှင် သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။
ယင်းနောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လူငယ်ရေးရာအသိပညာပေးဟောပြောသည့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန် တက္ကသိုလ်)အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ရီထံ ပေးအပ်သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာ ဉာဏ်စမ်းပဟေဠိမေးခွန်းများကို မေးမြန်းရာ ဖြေဆိုနိုင်သည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment