ရန်ကုန်၊ ဇန်နဝါရီ ၁၁
ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Maxim RYZHENKOV ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် ဘယ်လာရုစ်ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်မြို့ဗိုလ်ချုပ်ဈေးသို့သွားရောက်၍ ရိုးရာလက်မှုပစ္စည်းများ၊ ရိုးရာအဝတ်အထည်များ၊ ရွှေခြည်ငွေခြည်ထိုး လက်ရာပစ္စည်းများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် မြို့တော်ခန်းမ၊ ဝန်ကြီးများရုံးနှင့် ကန်တော်ကြီးဥယျာဉ်တို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြပြီး ကန်တော်ကြီးဥယျာဉ်ရှိ ကရဝိတ်ခန်းမ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လေ့လာကြသည်။
ယင်းနောက် ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များနှင့်အတူ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး စေတီတော်သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်တို့ကို ကြည့်ရှုလေ့လာကြသည်။
ဆက်လက်၍ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော်ပုံတော်နှင့် မှတ်တမ်းစာအုပ်ကို လက်ဆောင်ပေးအပ်ခဲ့သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment