တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ပန်းလည်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ပန်းလည်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကျင်းပ




တောင်ကြီး၊ ဇန်နဝါရီ ၁၆

တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ပန်းလည်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၇)ရီက တောင်ကြီးမြို့ ရွှေဘုန်းပွင့်စေတီတော်ဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုတိုင်းရင်းသား၊ တိုင်းရင်းသူများမှ သာသနာအလံများကိုင်ဆောင်၍ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ မဟာပန်းလည်တိုင်အား ယက်ကန်းစင်ဆရာတော်ကြီး စံကျောင်းတော်မှ ဓမ္မာရုံကြီးသို့ ပင့်ဆောင်လာကြသည်။

ထို့နောက် အခမ်းအနားကို ဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒစရိယ၊ တောင်ကြီးမြို့၊ စွန်းလွန်ဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ပရိတ်သတ်များ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

၎င်းနောက် အလှူရှင်များမှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်ထံ ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ချည်၊ ပရိတ်ကျောက်များ ဆက်ကပ်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ တာဝန်ရှိသူများက ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ကျောက်များကို စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း အရှေ့အရပ်မှစတင်ကာ လက်ယာရစ်ပက်ဖျန်းချည်နှောင်ပေးကြသည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များတို့က ဆရာတော်၊ သံဃာတော်များအား ပန်းလည်တိုင် အမှတ်စဥ်(၁)နှင့်(၂)တို့ကို ဆက်ကပ်ပေးကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။

ဆက်လက်၍ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မတည်ငွေကျပ်သိန်း(၃၀၀)ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်လှူဒါန်းရာ ရွှေဘုန်းပွင့်စေတီတော်ဂေါပကတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တတေဇဝန္တဆရာတော်ထံမှ ပန်းလည်တိုင်စိုက်ထူခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေးပြီး ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးနှင့်စပ်လျဥ်း၍ သြဝါဒါစရိယ ဆရာတော်ကြီးများထံ ကျောက်တံခါးမြို့နယ် ဖဒိုမြို့ငါးဧကသာသနာပြုကျောင်း ရှင်ဝိဇ္ဇာဗလမှ ရှင်းလင်းတင်ပြလျှောက်ထားကြောင်း သိရသည်။

၎င်းနောက် သာသနာအလံကိုင်အဖွဲများ၊ ပြည်ထောင်စုတိုင်းရင်းသား၊ တိုင်းရင်းသူအဖွဲ့များ၊ ပန်းလည်တိုင်များကိုင်ဆောင်အဖွဲ့များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်ဧည့်ပရိတ်သတ်တို့က ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား လက်ယာရစ်ပတ်ပူဇော်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များက ရွှေဘုန်းပွင့်စေတီပန်းလည်တိုင် အမှတ်(၁) (၂)ကို စိုက်ထူပေး၍ အမွှေးနံသာရည်များ ပက်ဖျန်းပေးကာ ပန်းလည်တိုက်ထိပ်တွင် ထီးဖြူစိုက်ထူ ဆက်ကပ်ပေးကြကြောင်း သိရှိရသည်။


မောင်မောင်သန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)