ပေါင်၊ ဇန်နဝါရီလ ၁၃
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သထုံခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစု တနိုင်တပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ပြီး မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပန်းကုန်းကျေးရွာအုပ်စု၊ အင်းပိုင်ကျေးရွာ၌ ဖွင့်လှစ်သည်။
သင်တန်းတွင် ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခွန်ထွန်းထွန်းလှက သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်များနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသူ (၁၅)ဦးအား သင်တန်းဆရာ (၂)ဦးက တာရှည်ခံ ဓာတုဆေးဝါးများ အကြောင်း၊ သစ်သီးဖျော်ရည် အမျိုးမျိုးနှင့် ယိုမျိုးစုံပြုလုပ်နည်းများ၊ သစ်သီး ဂျယ်လီပြုလုပ်နည်းများကို ဇန်နဝါရီလ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့အထိ (၇)ရက်ကြာ စာတွေ့လက်တွေ့ ဖြင့် သင်ကြားပို့ချသွားမည်ကြောင်း သိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment