ဘိုကလေး၊ ဇန်နဝါရီ ၉
ကျောင်းသား/သူများ ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ စာပေအသိပညာမြင့်မားတိုးတက်စေရေးတို့ကို ရည်ရွယ်ကာ ယနေ့နံနက် (၁၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဘိုကလေးမြို့နယ်၊ အ.မ.က(ဓမ္မာရုံ)ကျောင်းသို့ ကွင်းဆင်းကာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနက အဆိုပါကျောင်းရှိ ကျောင်းသား/သူများအား တိုင်းရင်းဆေးဖြင့် ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်များ ဆောင်ရွက်ရာတွင် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ကျောင်းသား/သူများ ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်နှင့်တန်ဖိုးရှိသော၊ ဂုဏ်၊ ဒြပ်များဖြင့် ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်ထွန်းဖို့ရာ အဓိကအရေးကြီးသောအချက်မှာ စာများများဖတ်ရှုရန်လိုအပ်ကြောင်းနှင့် တန်ဖိုးရှိသော ကျောင်းသားလူငယ်များ ဖြစ်ထွန်းစေရေးအတွက် ကြိုးစားကျင့်ကြံရမည့် နည်းနာများအား ဥပမာ၊ သာဓကများဖြင့် အသိပညာပေး ဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးက ဆိုးဆေးများ၏ အန္တရာယ်များအကြောင်း၊ သက်တမ်းလွန် စားသောက်ကုန်များ၏အန္တရာယ်များအကြောင်း၊ ဈေးကွက်အတွင်းတွေ့ရှိရသည့် ဘေးဥပါဒ်ဖြစ်စေတတ်သော စားသောက်ကုန်များအကြောင်းတို့ကို ပြည့်စုံစွာအသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက်ဟောပြောပွဲသို့ တက်ရောက်ကြသော ကျောင်းသားလူငယ်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကဏ္ဍစုံနံရံကပ်စာစောင်များ၊ ဓာတ်ပုံများနှင့် သုတ၊ ရသစာအုပ်များအား ချိတ်ဆွဲ၊ ခင်းကျင်း အသိပညာပေးပြသခဲ့ရာ ကျောင်းသား/သူများကလည်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment