မကွေး၊ ဇန်နဝါရီ ၆
ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ (LHVs) နှင့် သားဖွားဆရာမများ (MWs) ကိုယ်တိုင်မွေးဖွားခြင်း ဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင်သည့် ရေမွန်းသော မွေးကင်းစကလေးငယ်များအား အသက်ရှူနိုင်စေရန် အသက်ကယ်ပြုစုစောင့်ရှောက်မှုပေးခြင်းဆိုင်ရာ ပြုစုကုသမှုအား ကျွမ်းကျင်မှုရှိစေရန်၊ မွေးပြီးတစ်မိနစ်အတွင်း တိကျမှန်ကန်သော အသက်ကယ်ခြင်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals-SDGs) အရ (၂ဝ၃ဝ) ခုနှစ်တွင် မြန်မာနိုင်ငံ၌ မွေးကင်းစကလေးသေဆုံးမှုနှုန်းအား အရှင်မွေး(၁,၀၀၀)ဦး လျှင် (၁၂) ဦးသို့လည်းကောင်း၊ အသက် (၅) နှစ်အောက် ကလေးသေဆုံးမှုနှုန်းအား အရှင်မွေး (၁,ဝဝဝ) ဦးလျှင် (၂၅) ဦးသို့လည်းကောင်း၊ လျှော့ချနိုင်ရန် ရည်မှန်းချက် ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး မွေးကင်းစကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်းသင်တန်း (Training on Neonatal Resuscitation) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ်ခန်းမ၌ ကျင်းပသည်။
မွေးကင်းစကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်းသင်တန်း (Training on Neonatal Resuscitation) ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးတက္ကသိုလ် (မကွေး) မှ ကလေးကျန်းမာပညာဌာနမှ ပါမောက္ခ/ ဌာနမှူး၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အသက် ငါးနှစ်အောက် ကလေးငယ်များအားလုံး ရောဂါဘယကင်းဝေး၍ သက်ရှည်ကျန်းမာပြီး ကာယ၊ ဉာဏနှင့် လူမှုဘဝပြည့်စုံသော ဘဝများရရှိ၍ အနာဂတ်တွင် ဘက်စုံဖွံ့ဖြိုးသော နိုင်ငံ့သားကောင်းများ ဖြစ်လာနိုင်စေရန် မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေး လုပ်ငန်းများအား ရည်ရွယ်ပြီး ဆောင်ရွက် လျက် ရှိပါကြောင်းနှင့် ဆောင်ရွက်ရာတွင် အသက်ငါးနှစ်အောက်ကလေး သေဆုံးနှုန်းနှင့် မွေးကင်းစကလေးသေဆုံးနှုန်းဟာ နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းအဖြစ် ပါဝင်နေသည့်အတွက် အရည်အသွေးပြည့်မီသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရမှာဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး ရေမွန်းသော မွေးကင်းစကလေး အသက်ရှူရန် အသက် ကယ်ပြုစုခြင်း ဆရာဖြစ်သင်တန်းများကို တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်များမှာ ဆောင်ရွက်ခဲ့ပြီး မွမ်းမံသင်တန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများရဲ့ သားဖွားခန်းများမှာ Bags & Mask နှင့် ချွဲစုပ်ကိရိယာများလည်း ဖြန့်ဖြူးထားပြီး ဖြစ်ပါကြောင်း၊ ၂၀၃၀ ခုနှစ်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ပြည့်မှီစေရန် မွေးကင်းစကလေးသေဆုံးမှု အများဆုံးတွင် ပါဝင်သော မွေးကင်းစကလေး ရေမွန်းသေဆုံးမှုကို လျော့ချရမှာဖြစ်တဲ့အတွက် ဒီသင်တန်းမှာ ကျွမ်းကျင်စွာတက်မြောက်အောင် သင်ယူပြီး မိမိတို့ဆေးရုံ၊ ဆေးခန်းဌာနများမှာ သင်ကြားရေးအဖွဲ့ငယ်များ ဖွဲ့စည်း၍ စဉ်ဆက်မပြတ် လေ့ကျင့်ခြင်း၊ လက်တွေ့အသုံးချခြင်းဖြင့် မွေးကင်းစကလေး ရေမွန်းသေဆုံးမှုကို လျော့ချနိုင်စေရန် အားလုံးပါဝင်ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးမှ သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြပြီး၊ သင်တန်းပို့ချမှုအား စတင်ဆောင်ရွက်ခဲ့သည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဆရာဝန်များ၊ သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများ တက်ရောက်မည်ဖြစ်ပြီး၊ သင်တန်းပြုလုပ်မည့် နန်းထိုက်သူဟိုတယ်နှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတို့တွင် (၆-၁-၂၀၂၅) မှ (၇-၁-၂၀၂၅) အထိ မကွေး၊ မင်းဘူး၊ မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း(၂၄၀)ဦးဖြင့်လည်းကောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့ များတွင် ရေနံချောင်း၊ ချောက်၊ အောင်လံ၊ ပွင့်ဖြူ၊ ပခုက္ကူမြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း (၁၉၁)ဦးဖြင့်လည်းကောင်း၊ ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် သရက်၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ ကံမမြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း(၁၅၆)ဦးနှင့် ဇန်နဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် ရေစကြို၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ငဖဲ၊ စလင်း မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း (၁၂၁)ဦးဖြင့် လည်းကောင်း၊ မြို့နယ်(၂၀) မြို့နယ်မှ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း(၇၀၈)ဦးအား သင်တန်းပို့ချဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ
https://t.me/MyanmarNationalPost
No comments:
Post a Comment