ပူတာအို၊ ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဉီးစီးဌာနက ကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘာသီး၊ ခရမ်းချဉ်သီး၊ ဘုရင်သီး၊ အမေရိကန်သံပရာသီးတို့အား ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များ ထွက်ပေါ်လာစေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားခြင်းဖြင့် စိုက်ပျိုးရေးတောင်သူနှင့် စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ခြင်းနှင့် ၎င်းတို့စိုက်ပျိုးသောသီးနှံများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် သင်တန်းဆင်းများ ထုတ်လုပ်သည့် တန်ဖိုးမြှင့်အစား အစာများအား စနစ်တကျ ဓာတ်ခွဲစမ်းသပ်၍ လုံခြုံစိတ်ချစွာ စားသောက်နိုင်ရေးနှင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဉီးစီးဌာနတွင် မှတ်ပုံတင်ခြင်းဖြင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းရှင်များတိုးပွား၍ နိုင်ငံ၏စီးပွားရေးဖွံဖြိုးမှုကို အထောက်အကူပြုစေရန်ရည်ရွယ်၍ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် နယ်မြေ(၅)ရှိ ရှာလင်အေဂျီအသင်းတော် ဘုရားကျောင်း၌ ကျင်းပသည်။
ရှေးဉီးစွာ ရှာလင်အေဂျီအသင်းတော် သင်းအုပ်ဆရာကြီး သိက္ခာတော်ရ အင်ခွမ်ပီတာက သင်တန်းအား ဆုတောင်းဆက်ကပ်အပ်နှံပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ခရိုင်ဉီးစီးမှူး ဉီးဇော်မိုးက သင်တန်းဖွင့် အမှာစကားပြောကြားကာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန ခရိုင်ဉီးစီးမှူး ဉီးအောင်ဆန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးမင်းဇော်က သင်တန်းသုံး သီးနှံကုန်ကြမ်းပစ္စည်းများအား သင်တန်းသူတစ်ဉီးထံပေးအပ်ပြီး အခမ်းအနားတက်ရောက်လာသူများက သင်တန်းသား/သူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ခရိုင်/မြို့ နယ်ဌာနဆိုင်ရာများနှင့် အခမ်းအနားတက်ရောက်လာသူများက သင်တန်းတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများခင်းကျင်း ပြသထားရှိမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၂၀)ဉီးတို့အား ဒေသထွက်သီးနှံဖြစ်သည့် ဂရိတ်ဖရု(ယို/ဖျော်ရည်/ဝိုင်)၊ခရမ်းချဉ်သီးယို၊ နာနတ်သီးဖျော်ရည်၊ ကျောက်ဖရုံယို၊ အမေရိကန်သံပရာယို၊ သင်္ဘောသီးယို(အချို/အစပ်)၊ ဘုရင်သီးဖျော်ရည်၊ အာလူးကြော်ပြုလုပ်နည်းများကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှ သင်တန်းနည်းပြများက ဇန်နဝါရီ(၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာ စာတွေ့ (၃၀)ရာခိုင်နှုန်း၊ လက်တွေ့ (၇၀)ရာခိုင်နှုန်း သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဘုန်းလက်ရာသစ်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment