ဘားအံ၊ ဇန်နဝါရီ ၁၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တွင် ယနေ့နံနက် ၉ နာရီက (၁၄)ကြိမ်မြောက် ကွန်ပျူတာသိပ္ပံဘွဲ့နှင့် ကွန်ပျူတာနည်းပညာဘွဲ့များကို အပ်နှင်းပေးအပ်သည်။
အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြောင်းလဲတိုးတက်နေသည့်နည်းပညာရပ်များကို အမြဲမပြတ်လေ့လာဆည်းပူးရင်း ထူးချွန်ထက်မြတ်သည့်နိုင်ငံသားကောင်း၊ သမီးကောင်းများ IT ပညာရှင်များဖြစ်အောင်၊ နိုင်ငံတော်၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သည့် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်ပညာရှင်များဖြစ်အောင်၊ ထူးချွန်သည့်ပညာတတ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး ဘွဲ့ယူမောင်မယ်များအတွက် ငွေကျပ် လေးသိန်းနှစ်သောင်းကို ဂုဏ်ပြုချီးမြှင့်သည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ပါမောက္ခချုပ် ဒေါက်တာ ခင်မာလာထွန်းအမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များက ဘွဲ့အပ်နှင်းမည့်စင်မြင့်ထက်တွင်နေရာယူကြပြီး လိုအပ်သည့် ကတိခံဝန်ချက်များရယူကာ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ပါမောက္ခချုပ်က ကွန်ပျူတာသိပ္ပံဘွဲ့ Bachelor of Computer Science (B.C.Sc.) (၁၆)ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့ Bachelor of Computer Technology (B.C.Tech.) (၅)ဦးတို့အား ဘွဲ့လက်မှတ်များ အပ်နှင်းပေးအပ်ပြီး အဝေးရောက်ဘွဲ့ယူသူ ကွန်ပျူတာသိပ္ပံဘွဲ့ Bachelor of Computer Science (B.C.Sc.)မှ (၄) ဦးတို့အား ဘွဲ့အပ်နှင်းပေးအပ်ဘွဲ့ရမှတ်ပုံတင်စာအုပ်တွင် ဘွဲ့ရရှိသူစာရင်းကို အတည်ပြု လက်မှတ်ရေးထိုး၍ ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားသည်။
ယနေ့ဘွဲနှင်းသဘင်အခမ်းအနားတွင် အဝေးရောက်ဘွဲ့ယူသူ(၄)ဦးအပါအဝင် စုစုပေါင်း(၂၅)ဦးအား သက်ဆိုင်ရာဘွဲ့အသီးသီးကို အပ်နှင်းခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘွဲ့ယူပြီးသူမောင်မယ်များနှင့်၎င်းတို့၏ မိဘ၊ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment