ကသာ၊ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ယာယီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် " ဘက်စုံပညာကိုရည်တိုးလှမ်းချီ" သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်တာဝန်ခံပညာရေးမှူး ဦးမြင့်စိုးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်းတို့က အမှာစကားပြောကြားရာတွင် မိမိတို့၏ ကျောင်းတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ ကျောင်းသူများ ဘက်စုံပညာထူးချွန်တိုးတက်ရေးအတွက် မိမိတို့ပညာရေးဌာန၊ ဆရာ/ဆရာမများ၏ ဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များနှင့် ထားရှိရမည့်စိတ်ဓာတ်တို့ကိုလည်းကောင်း၊ ကျောင်းသား/ ကျောင်းသူတို့၏ ခံယူရမည့်သဘောထားများ၊ ပြည်ထောင်စုစိတ်ဓာတ်တို့ကိုလည်းကောင်း၊ မိဘများ၏ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရမည်တို့ကိုလည်းကောင်း၊ ပညာရေးစုံညီပွဲတော်၏ အဓိပ္ပာယ်နှင့် အနှစ်သာရတို့ကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလင်းက ကျောင်းဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်တာဝန်ခံပညာရေးမှူးဦးမြင့်စိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဟိန်းကိုဦး၊ မြို့နယ်ပညာရေးမှူးဒေါ်နန္ဒာလင်းနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ လူရည်ချွန်ဆုရ ကျောင်းသား/ ကျောင်းသူများ၊ အတန်းလိုက်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် မြို့နယ်အဆင့်တို့တွင် ကဏ္ဍအသီးသီးမှ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ခင်ကျင်းပြသထားသော ဘာသာရပ်ဆိုင်ရာ သင်ထောက်ကူပြခန်းများ၊ လက်မှုပညာပြခန်းများ၊ လက်တွေ့သိပ္ပံဆိုင်ရာပြခန်းများကို လှည့်လည် ကြည့်ရှု့အားပေးခဲ့ကြကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများက "ပန်းတိုင်းပွင့်ပြီ ဤဌာနီ" သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment