မန္တလေးဗဟိုအကျဉ်းထောင်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးဗဟိုအကျဉ်းထောင်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြု



မန္တလေး , ဇန်နဝါရီ ၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄-၁-၂ဝ၂၅ ရက်စွဲပါ အမိန့်အမှတ်၊ ၁/၂၀၂၅ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန်ရှေ့ရှုသောအားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁(၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြုသည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မန္တလေးဗဟိုအကျဥ်းထောင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းဗိုလ်၊ မန္တလေးတိုင်းဒေသကြီးအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်း၊ အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်မောင်၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအောင်ဆွေ၊ အောင်မြေသာစံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိန်ယု၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်အောင်၊ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေကိုကိုပိုင်၊ အကျဉ်းဦးစီးဌာနဝန်ထမ်းများ၊ လွတ်မြောက်အကျဉ်းသား/သူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက ဆုံးမသြဝါဒစကားပြောကြားပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိကြသူများအား ခရီးစရိတ်နှင့်စားစရိတ်များကို ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းဗိုလ်က လွတ်ငြိမ်းချမ်းသာခွင့်ရရှိကြသူများအား လုပ်အားခများကို ပေးအပ်သည်။ ၎င်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိကြသူများအား တွေဆုံနှုတ်ဆက်ပြီး ဆုံးမစကားနှင့် အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားတွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁(၁) အရ မန္တလေးဗဟိုအကျဉ်းထောင်မှ တပ်မတော်အက် ကျား ၃၄ ဦး၊ ရဲစည်းကမ်း ကျား ၁၇ ဦး၊ ရာဇသတ်ကြီးပုဒ်မ- ၅၀၅-က ဖြင့် အကျဉ်းသား ၉၆ ဦး၊ အကျဉ်းသူ ၅၀ ဦး၊ ပေါင်း ၁၄၆ ဦး၊ နိုင်ငံခြားသား ကျား ၆ ဦး၊ မ ၂ ဦး၊ ပေါင်း ၈ ဦး၊ အခြားမှု(ရိုးရိုး) အကျဉ်းသား ၃၇၃  ဦး၊ အကျဉ်းသူ ၉၄  ဦး၊ ပေါင်း ၄၆၇ ဦး၊ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည) ဖြေလျော့ ကျား ၁၅ ဦး၊ မ ၈ ဦး၊ ပေါင်း ၂၃ ဦးအပါအဝင် အကျဉ်းသား ၅၄၁ ဦး၊ အကျဉ်းသူ ၁၅၄ ဦး၊ စုစုပေါင်း ၆၉၅ ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခဲ့ကြောင်းသိရသည်။


အောင်စံ 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)