ပုသိမ်၊ ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအထက်တန်းကျောင်းတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ ကွင်းလျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း မုခ်ဦးဆိုင်းဘုတ်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီးနောက် ဖျော်ဖြေရေးအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက “ မြန်မာ့ကျောင်း”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကွင်းလျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းသို့ အဆင့်တိုးမြှင့်၍ ပညာရေးကို အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် သဘာဝဘေး ရေကြီးရေလျှံမှုများအား အံတု၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်ခွင့် အခွင့်အလမ်းများမှာလည်း ပိုမိုရရှိအောင် အစဉ်တစိုက် ကြိုးပမ်းမှုများအား မြင်တွေ့ခဲ့ရသောကြောင့် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းမှုရှိစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူမှု အခွင့်အလမ်းများ ပိုမိုရရှိလာစေမည်ဖြစ်ပါကြောင်းနှင့် တက္ကသိုလ်စာမေးပွဲအောင်ချက်မြင့်မားရေး၊ နိုင်ငံအဆင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းစေရေးကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မျိုးဆက်သစ်လူငယ်ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးကြရန်နှင့် ပညာရေးကဏ္ဍ ပိုမိုတိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက ကွင်းလျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ရခြင်းအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက ကျောင်းအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ယာယီကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်အဖွဲ့တို့က လက်ခံရယူခဲ့သည်။ ယင်းနောက် ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီးနောက် ကွင်းလျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ဒေသထွက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းသီဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် အားကစားပွဲများကိုလည်းကောင်း၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူလေးများ စာပေများလေ့လာဖတ်ရှုနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၂၀၂၄-၂၀၂၅) ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းပိုင်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက (Bored Pile) အခြေပြု ကျောက်ပြားကပ်တမံ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှည်တည်တံ့စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ဒွါရစုကျေးရွာသို့သွားရောက်၍ တောင်သူ ဦးအောင်စိုး၏ (၂၀၂၄-၂၀၂၅) ခုနှစ်၊ ဆီထွက်သီးနှံ မြေပဲပန်းတိုင်အထွက်နှုန်း တိုးတက်ထွက်ရှိရေး မြေပဲစံပြစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်စွမ်းအားတိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း အစရှိသည့် သီးနှံများကိုလည်း သီးထပ်စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်ငူကျေးရွာသို့ ရောက်ရှိ၍ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်း တည်ဆောက်ရေးတွင်ပါဝင်သွားသည့် မြေယာများအတွက် တောင်သူများသို့ နစ်နာကြေးနှင့် မြေယာလျော်ကြေးပေးအပ်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) တိုင်းဒေသကြီးဦးစီးမှူးက ရေကြည်မြို့နယ် နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဧက(၁၀၀၀)၏ (၂၀၂၄-၂၀၂၅)ဘဏ္ဍရေးနှစ်တွင် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ယခုနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့်အပိုင်းများမှ တတိယသီးနှံ နွေစပါးလျာထားဧက (၅၀၀) အား လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် ရေပေးဝေနိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးထပ်စွမ်းအားတိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် စိုက်ပျိုးရေလိုအပ်ချက်သည် အဓိကဖြစ်ပါကြောင်း၊ လက်ရှိမြစ်ရေတင် စီမံကိန်းများအပြင် တိုင်းဒေသကြီးအတွင်း မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်နေရာများကိုလည်း ထပ်မံရှာဖွေ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် လက်ရှိဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများအား အရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
လှမင်းထွဋ်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment