လွိုင်ကော်၊ အောက်တိုဘာ ၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် (လွိုင်ကော်) နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ၂၀၂၅ ခုနှစ်၏ နှစ်သစ်ကူးအချိန်အခါသမယမှာ သစ်လွင်မောင်မယ် ကျောင်းသားကျောင်းသူများကို ကြိုဆိုပွဲ ပြုလုပ်ရသည့်အတွက် နှစ်သစ်ကိုမင်္ဂလာရှိစွာဖြင့် စတင်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးနေသည့် ကျောင်းများ၊ ပြန်လည်ဖွင့်လှစ်နိုင်ရန် လိုအပ်သည့်ပံ့ပိုးကူညီမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့နိုင်ငံတော်အတွက်၊ မိမိတို့ပြည်နယ်အတွက် အားကိုးအားထားပြုရသည့် အင်ဂျင်နီယာကောင်းများ၊ ကွန်ပျူတာ ပညာရှင်ကောင်းများ ဖြစ်လာစေရေး ကြိုးစားအားထုတ်ကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ စားသောက်မှုအဆင်ပြေစေရန်အတွက် ပထမနှစ်ဝက် ပညာသင်ကာလအတွက် ဆန်၊ ဆီနှင့် စားစရိတ်ငွေများပေးအပ်ရာ နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဒေါက်တာခိုင်ဇော်နိုင်နှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာသင်းသင်းထွေးတို့က လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ် လွိုင်ကော်နှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းများတွင် ဘက်စုံအသုံးပြုရန်အတွက် လှူဒါန်းငွေများအား ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့ကပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက အသီးသီးလက်ခံ ရယူခဲ့ကြသည်။
ထို့နောက် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာခိုင်ဇော်နိုင်နှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာသင်းသင်းထွေးတို့က သစ်လွင်မောင်မယ် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်မှ သစ်လွင်မောင်မယ် ကျောင်းသားကျောင်းသူများက “လှမ်းလာခဲ့ပါ ကယားမြေ” သီချင်း၊ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားကျောင်းသူများက “ခင်ခင်ထား” သီချင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားကျောင်းသူများက “နေကာမျက်မှန်”နှင့် “ထာဝရ မြန်မာ” သီချင်းများဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေခဲ့ကြသည်။ အဆိုပါကပြဖျော်ဖြေသည့် အဖွဲ့ (၄) ဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment