မြဝတီ၊ ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ခြင်းအနေဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးတန်းများအား စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.ကခွဲ(၁)တို့၌ ကွင်းဆင်းဆောင်ရွက်သည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးနိုင်မိုးကို၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယကြီးကြပ်ရေးမှူး (အစားအသောက်) ဦးသာနိုင်စိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိူးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းမြအောင်၊ဒုတိယမြို့နယ်ပညာရေးမှူး (ပညာ) ဦးဇေယျာအောင်နှင့် ပူးပေါင်းအဖွဲ့တို့သည် အခြေခံပညာကျောင်းများရှိ မုန့်ဈေးတန်းတွင် ရောင်းချနေသည့် မုန့်များ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ ရက်လွန်အစားအစာများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ပါကင်ဖြင့်ထုပ်ပိုးထားသည့် အသင့်စားမုန့်များကိုသာ ရောင်းချရမည်ဖြစ်ကြောင်းနှင့် လက်လုပ်အစားစားများ ရောင်းချခြင်းမပြု ကြရေးတို့ကိုပြောကြားပြီး ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားရခြင်းအကြောင်းရင်းများ ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် ယင်နားထားသည့် အစားအစာများ ထိတွေ့ကိုင်တွယ်စားသောက်ရာမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ လျှင်မြန်စွာ ကူးစက်နိုင်၍ အသက်သေဆုံးသည်ထိ ဖြစ်ပွားနိုင်ကြောင်း၊ ကြိုတင်ကာကွယ်လိုက်နာရမည့်အချက်များ၊ ရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆေးကုသမှုခံယူသင့်ကြောင်းကို အသိပညာပေး ဟောပြောသည်။
အလားတူ မြဝတီမြို့နယ်အတွင်း ကျန်ရှိသည့် အခြေခံပညာကျောင်းများတွင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း အသိပညာပေး ဟောပြောပွဲများ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment