တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ကျုံမငဲ့ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ကျုံမငဲ့ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်





နေပြည်တော်၊ ဇန်နဝါရီလ ၂၈

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူလိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ကျုံမငဲ့ကျေးရွာသို့ ရောက်ရှိကြရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖ များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ ကျုံမငဲ့ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၆၁ ဦး၊ ခွဲစိတ်ရောဂါ ၁၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃ ဦး၊ ကလေးရောဂါ ၁၈ ဦး၊ အရိုးရောဂါ ၂၈ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၇ ဦး၊ မျက်စိရောဂါ ၆၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက်      ဓာတ်မှန်ရိုက်လူနာ ၉ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ  ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာ ၄ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူ အမျိုးသားတစ်ဦးက "ကျိုက်လတ်မြို့နယ် ကျုံမငဲ့ကျေးရွာအုပ်စု ကုလားမကျေးရွာကနေ လာပြီးတော့ ပြတာပါ။အတက်ရောဂါနဲ့အာရုံကြော အားနည်းလို့လာပြတာပါ။ အိပ်ရေးပျက်ပါများတယ်။ အလုပ်လုပ်တာပင်ပမ်း/ ဖုန်းတွေကြည့်တာများရင်ဖြစ်တယ်။ ခနခဏတော့မဖြစ်ပါဘူး။ တစ်လ တစ်ကြိမ်လောက်ဖြစ်တယ်။ တစ်ကြိမ်ဖြစ်ရင်လည်း သုံးလေးခါလောက်ဖြစ်တယ်။ ဒီမှာတော့ အခကြေးငွေမကုန်ဘူးပေါ့။ အခြားဆေးရုံ/ဆေးခန်းတွေသွားပြရင်တော့ အနည်းဆုံး နှစ်သောင်း/ သုံးသောင်းလောက်ကုန်တယ်။ ဒီမှာတော့ တစ်ပြားမှမကုန်ဘဲလာပြရတာဆိုတော့ ကိုယ်လည်းအကျိုးကျေးဇူး ရှိတယ်။ သူတို့လည်းအကျိုးကျေးဇူးရှိတာပေါ့နော်။ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အများအကျိုးအတွက်လာပြီး ကူညီဆောင်ရွက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။"ဟု ပြောသည်။

အမျိုးသမီးတစ်ဦးက "သွေးဝမ်းသွားတာလေးငါးခြောက်လ၊ ခုနှစ်လလောက်ရှိပြီ။ ဗိုက်ထဲမှာလည်းအလုံးပေါ် လာတယ်။ ငွေရေးကြေးရေးအခက်အခဲရှိတာပေါ့။ မောင်နှမသုံးယောက် အပျိုကြီး/လူပျိုကြီး တွေဆိုတော့ တော်ရုံတန်ရုံဆေးရုံ/ဆေးခန်းမရောက်ဘူးပေါ့။ ဆင်းလည်းဆင်းရဲတော့ မပြနိုင် ဘူးပေါ့။ အခုလိုအခမဲ့လာပြီးကုသပေးလို့ ဝမ်းသာပီတိဖြစ်မိပါတယ်။ အားလုံးကိုကျေးဇူးတင်ပါ တယ်။ Ultrasound လည်းရိုက်ပေးပါတယ်။ တစ်ကယ်စိတ်ရှည်လက်ရှည်နဲ့လုပ်ပေးရှာပါတယ်။ ဝန်ထမ်းအားလုံးနဲ့ ဆရာ၊ ဆရာမအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။" ဟု ပြောသည်။


#MNP #News #Health

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)