ချောင်းသာ , ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ် ပိတ်ရက်များဖြစ်သော နှစ်သစ်ကူးကာလတွင် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားလျက်ရှိရာ ယမန်နေ့ညနေပိုင်းက ချောင်းသာကမ်းခြေ၌ အပန်းဖြေသူများ၊ ရေကူးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာကမ်းခြေတွင် အပန်းဖြေအနားယူခြင်းများအပြင် ကမ်းခြေအနီးရှိ ဖိုးကလားကျွန်း၊ သဲဖြူကျွန်းတို့သို့ စက်လှေ၊ မော်တော်ဘုတ်များဖြင့်လည်းကောင်း၊ ချောင်းသာမြို့မှ ရွှေသောင်ယံကမ်းခြေ၊ ကျောက်မောင်နှစ်မနှင့် (Sea @Lake Garden)သို့ ကား၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်များဖြင့်လည်းကောင်း သွားရောက်လည်ပတ်မှုများလည်းရှိကြောင်း သိရသည်။
ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရန်၊ လုံခြုံမှုရှိစေရန်၊ ကမ်းခြေသန့်ရှင်း သာယာလှပရန်၊ ကမ်းခြေတွင် စျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချစေရန်၊ ယာဥ်ကြောပိတ်ဆို့မှု မဖြစ်စေရန်တို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးဆောင်ပြီး ဌာနဆိုင်ရာနှင့် ကမ်းခြေစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာကမ်းခြေသည် ကမ်းခြေရှည်လျားကျယ်ပြန့်ပြီး သဲသောင်ပြင်ညီညာပြန့်ပြူးမှု၊ ပင်လယ်ရေကြည်လင်မှုနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်မှုတို့ကြောင့် ခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ် ဝင်ရောက်ကြောင်းသိရပြီး နှစ်သစ်ကူးကာလတွင် ယခင်ပုံမှန်ရက်များထက် ပိုမိုစည်ကားများပြားကြောင်း သိရှိရသည်။
ကျော်ကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment