ကဏန်းကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဏန်းကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မွန်ပြည်နယ် သထုံခရိုင် သထုံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၉,၂၈၄ ဧကရှိသော နယ်မြေကို “ကဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်နှင့် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/ လေမုန်တိုင်းဒဏ်ခံစားရမှုများကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်နှင့် ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ဂဏန်း၊ ပုစွန်စသော ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။

ဂဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိကသစ်မျိုးများဖြစ်သည့် သမဲ့၊ ကန့်ပလာ၊ ဓနိစသည့် ဒီရေတောသစ်ပင်များအား ထိန်းသိမ်းနိုင်မည့်အပြင် ဗြူးခြေထောက်၊ ဗြူးကြက်တက်၊ နှံဗြူး၊ ဗြူးအုပ်ဆောင်း၊ သမဲ့ကြီး၊ ကန့်ပလာစသည့် သစ်မျိုးများဖြင့် စိုက်ပျိုးတည်ထောင်ထားသည့် ဒီရေတောစိုက်ခင်းများကိုပါ ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ခြင်း၊ သား၊ ငါး၊ ဂဏန်း၊ ပုစွန်များရှင်သန်ပေါက်ဖွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့်ဂေဟစနစ်တစ်ခုဖြစ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်ခြင်းနှင့် မြေတိုက်စားမှုနှင့် ကမ်းပါးပြိုမှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)