စစ်တွေ၊ ဇန်နဝါရီ ၂
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်၌ စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်မြတ်များအား နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီမြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များ၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင်တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်၊ အဘယရာဇမုနိဆင်းတုတော်နှင့် လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်စကြာမုနိဗုဒ္ဓရုပ်ပွားတော်တို့အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂)ဆောက်လုပ်နေမှုနှင့် နေပူခံကျောက်ပြားခင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသော နှစ်သစ်ကူးအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ကြသည်။ ဦးစွာအခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မြသိန်းတန်ကျောင်းတိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုန္ဒရမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ပြည်နယ်သာသနာရေးရုံးမှ ဦးသိန်းထွန်းက ပဋ္ဌာန်းဒေသနာတော်များနာကြားရန် နတ်ဗြဟ္မာများကို ဖိတ်ကြားပြီး ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်ပဓာနနာယက ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တမေဃိယက ရောင်ခြည်တော်ဖွင့်ဂါထာတော်ဖြင့် ဘုရားရှင်အား ပင့်လျှောက်ကာ စာချဆရာတော် ဦးဂန္ဓာမာလင်္ကာရက ပဋ္ဌာန်းအမွှမ်းဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်အရှင်သူမြတ်များကဦးဆောင်ကာ ဘာဏကသံဃာတော်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်အား စတင်ဖွင့်လှစ်ရွတ်ဖတ်ပူဇော်၍ အလှည့်ကျဘာဏကသံဃာတော်က ဆက်လက်ရွတ်ဖတ်ပူဇော်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိရေကန်၌ နှစ်သစ်ကူးကာလ ဇီဝိတဒါနအဖြစ် ငါးလွှတ်ကုသိုလ်ကောင်းမှုပြုကြသည်။
တင်ထွန်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment