ဆိုးလ်၊ ဇန်နဝါရီ ၁၇
ကိုရီးယားသမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Woo Won-shik မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ ဆိုးလ်မြို့အခြေစိုက်အာဆီယံအဖွဲ့ဝင်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများနှင့်အတူမြန်မာသံအမတ်ကြီးဦးသန့်စင် ပါဝင်တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Wooက၂၀၂၄ ခုနှစ်တွင် အာဆီယံ-ကိုရီးယားဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေးကိုတည်ထောင်ခဲ့ပြီးဖြစ်သဖြင့် အစိုးရများအကြားတွင်သာမက လွှတ်တော်များအကြားတွင်လည်းပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်လုပ်ဆောင်သွားလိုပါကြောင်း၊ အာဆီယံနှင့်ဆွေးနွေးဘက်ဆက်ဆံရေးကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိကုန်သွယ်မှုသည် (၂၃) ဆနှင့် လူအချင်းချင်းထိတွေ့ဆက်ဆံမှုသည် (၃၇) ဆ မြင့်တက်လာခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအတွက် ဆိုးလ်မြို့အခြေစိုက်သံရုံးများအနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ ခိုင်မာကြံ့ခိုင်သော ဒီမိုကရေစီကိုယုံကြည်ပေးပါရန်နှင့် စိုးရိမ်ကြောင့်ကြမှုများမဖြစ်ပေါ်စေရန် ပြောကြားလိုပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏လေယာဉ်ပျက်ကျခဲ့မှုအပေါ် သက်ဆိုင်ရာနိုင်ငံများမှ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ပေးပို့ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံအနေဖြင့် အာဆီယံ၏ သံခင်းတမန်ခင်းကိုအခြေတည်သော ရပ်တည်ချက်များကိုထိန်းသိမ်းလျက် အာဆီယံမှ ဖော်ဆောင်ထားသည့် လုပ်ငန်းစဉ်များတွင် ဆက်လက်တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် သံအမတ်ကြီးဦးသန့်စင်မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောထားအမြင်များဖလှယ်နိုင်ရန် ယခုကဲ့သို့ နှစ်စဉ်တွေ့ဆုံခွင့်ရရှိနိုင်ရေးစီစဉ်ဆောင်ရွက်ပေးမှုသည် ကောင်းမွန်သည့် အစဉ်အလာတစ်ရပ်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လွှတ်တော်များသည် လွှတ်တော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အာဆီယံလွှတ်တော်များညီလာခံ(AIPA)အောက်တွင် တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်နှင့်လည်းတရားဝင်ဆွေးနွေးမှုများကို ၁၉၇၉ ခုနှစ်မှစတင်ခဲ့ပြီးအပြန်အလှန်ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးတည်ထောင်ခဲ့ သည်မှာယခုနှစ်တွင် နှစ် (၅၀) ပြည့်မြောက်တော့မည်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့်နှစ် (၅၀) အတွင်းနှစ်နိုင်ငံအကြားစီးပွားရေး၊ လူမှုရေးကဏ္ဍများတွင်သာမက ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များတွင်ပါ ခိုင်မာသောဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယဉ်ကျေးမှုအဖွဲ့များကို မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန်တိုက်တွန်းလိုပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံတွင် လတ်တလောရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကိုကြံ့ကြံ့ခိုင်နိုင်မှုနှင့် ကောင်းမွန်သောဒီမိုကရေစီတန်ဖိုးများဖြင့် အောင်မြင်စွာကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment