ပုဂံယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရားပွဲတော်သို့ ပြည်တွင်း၊ ပြည်ပခရီးသွား အများအပြားဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရားပွဲတော်သို့ ပြည်တွင်း၊ ပြည်ပခရီးသွား အများအပြားဝင်ရောက်


ရန်ကုန်၊ ဇန်နဝါရီ ၁၃

ပုဂံယဉ်ကျေးမှုဒေသတွင် နှစ်စဉ်ပြာသိုလပြည့်နေ့၌ ကျင်းပသည့် အာနန္ဒာဘုရားဗုဒ္ဓပူဇနိယပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများနှင့် ပြည်ပခရီးသွားများ အများအပြားဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အာနန္ဒာဘုရားပွဲတော်၏ (၉၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အဖိတ်၊ လပြည့်နေ့နှင့် လဆုတ် ၁ ရက်တို့တွင် ကျင်းပလေ့ရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများ၊ လယ်ယာသုံးစက်ပစ္စည်းဆိုင်များ၊ ပုဂံဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းဆိုင်နှင့် အဝတ်အထည်ဆိုင်များ စသည်ဖြင့် ဈေးဆိုင်ခန်းပေါင်း ၁၂၀ ပါဝင် ရောင်းချလျက်ရှိရာ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိသည်။

“အာနန္ဒာဘုရားပွဲတော်ကာလမှာ ပဋ္ဌာန်းပူဇော်နေပြီး ပြာသိုလပြည့်နေ့မှာ သံဃာတော်အပါး ၂၅၀ ကို အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက ဆွမ်းဆန်စိမ်းလောင်းလှူကြမှာပါ။ ရှေးကနေအခုချိန်အထိ အစဉ်အလာမပြတ် ကျင်းပခဲ့တဲ့ ယဉ်ကျေးမှုအမွေတစ်ခုဖြစ်တဲ့အတွက် ဆက်လက်ထိန်းသိမ်းသွားမှာပါ” ဟု အာနန္ဒာဘုရားဂေါပကဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောသည်။

အာနန္ဒာဘုရားပွဲတော်ချိန်တွင် နွားလှည်းများဖြင့် ဘုရားဖူးလာရောက်ကြသည့် အညာဒေသ၏ ဓလေ့ကို ပြည်ပခရီးသွားများက အထူးစိတ်ဝင်စားလေ့လာလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပုဂံဒေသရှိ အထင်ကရဘုရား၊ စေတီ ၁၈ ဆူတွင် ပွဲတော်များ နှစ်စဉ်ကျင်းပလေ့ရှိပြီး အာနန္ဒာဘုရားပွဲတော်သည် ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်ပြီး ပြာသိုလပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် အစည်ကားဆုံးဖြစ်ကာ ယမန်နှစ်ပွဲတော်ကာလအဖိတ်၊ လပြည့်နှင့် လဆုတ်နေ့တို့တွင် ခရီးသွား ၄၀၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)