တောင်ကြီး၊ ဇန်နဝါရီ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယမန်နေ့က တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အောင်မြင်စေရေးအတွက် မီဒီယာလုပ်ငန်းများဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြရန် မှာကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်သည် တိုင်းရင်းသားပေါင်းစုံနေထိုင်ပြီး နယ်မြေဒေသကျယ်ဝန်းပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေသည်ကိုတွေ့မြင်ရပြီး ယင်းလုပ်ငန်းများ အောင်မြင်စေရေးနှင့် ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရေးအတွက် မိမိတို့ဝန်ထမ်းများက မီဒီယာလုပ်ငန်းများဖြင့် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိစွာတာဝန်ထမ်းဆောင်ရန် လိုအပ်သကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း မိမိတို့ တတ်ကျွမ်းသည့်ပညာရပ်များဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် မီဒီယာလုပ်ငန်းများသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် အကျိုးရှိစွာ အသုံးချတတ်ရန်လိုကြောင်း၊ ယခုအခါ မသမာသူများက သတင်းတု၊ သတင်းမှားများကိုထုတ်လွှင့်၍ ပြည်သူများအား အထင်အမြင်လွဲမှားအောင် ပြုလုပ်နေသည့်အတွက် မိမိတို့ဝန်ထမ်းများက သတင်းမှန်ပြန်ကြားရေးနှင့် သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မိမိတို့ ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့် သတင်းမှန်များ မှန်ကန်စွာစီးဆင်းရေးအတွက် ရုပ်မြင်သံကြားနှင့် သတင်းစာ၊ ရေဒီယိုများတွင်သာမက အွန်လိုင်းပလက်ဖောင်းမျိုးစုံမှ ထုတ်လွှင့်ဖော်ပြပေးနေသဖြင့် ပြည်သူများ ကျယ်ပြန့်စွာသိမြင်စေရန် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတို့ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ရှမ်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ လိုအပ်ချက်များကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူထုအခြေပြုဗဟိုဌာန (တောင်ကြီး) တွင် ပြည်သူများ အသိပညာမြင့်မားရေးအတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေသကဲ့သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများအား သတင်းမီဒီယာလုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရန် သင်တန်းများဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာရုံးများတွင် အခက်အခဲများရှိပါက ပြည်နယ်အစိုးရအား တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့သည် ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ပေးကာ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်သို့သွားရောက်၍ ပါမောက္ခချုပ်ဆရာတော် ပါမောက္ခဒေါက်တာ ဓမ္မသာမိ (အောက် စဖို့ဒ် ဆရာတော်) အား သွားရောက်ဖူးမြော်ကြည်ညို ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်အတွင်း ကြည့်ရှုလေ့လာ၍ စာအုပ်စာစောင်များ ခင်းကျင်းဆောင်ရွက်ထားမှု၊ ရှေးဟောင်းစာပေကျမ်းဂန်များ နှင့် ပေ၊ ပုရပိုက်များ ထိန်းသိမ်းဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုလေ့လာ၍ ကူညီဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများအား မေးမြန်းလျှောက်ထားသည်။
အဆိုပါ ဗုဒ္ဓတက္ကသိုလ်သည် အေဒီ ၅ ရာစုမှ ၁၂ ရာစု အတွင်းဗုဒ္ဓဘာသာပညာရှင် ရဟန်းတော်မျာ တည်ထောင်ထားသည့် ကမ္ဘာ့ရှေးအကျဆုံး အဆင့်မြင့်ပညာရေးဌာနဖြစ်သည့် နာလန္ဒတက္ကသိုလ်နှင့် မြန်မာနိုင်ငံ၏ပရိယတ္တိအမွေအနှစ်ကို ထင်ရှားကျယ်ပြန့်စွာဖော်ဆောင်သော ဓမ္မာစရိယနှင့် သာမဏေကျော်စာသင်နည်းတို့ကို အားကျအတုယူလျက် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist University) အဖြစ် မြန်မာနိုင်ငံ ရှမ်းပြည်နယ်၌ ပထမဆုံးတည်ထောင်သော ဗုဒ္ဓတက္ကသိုလ် ဖြစ်သည်။
တည်ထောင်သူ အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိသည် ၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့အရပ်ရပ်ရှိ ဗုဒ္ဓတက္ကသိုလ်များစုစည်းပေးပြီး စည်းရုံးတည်ထောင်ထားသော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်ကြီးများအသင်း (International Association of Buddhist Universities)နှင့် အပြည်အပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် အသင်းကြီး( The International Association of Theravada Buddhist Universities) အသင်းနှစ်ခု၏ အတွင်းရေးမှူးချုပ်အနေဖြင့် နိုင်ငံတကာရှိ ဗုဒ္ဓတက္ကသိုလ်များနည်းတူ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့အဆင့်မီ ဗုဒ္ဓတက္ကသိုလ်ကြီးတစ်ခုတည်ထောင်ရန် ပြင်းပြသောဆန္ဒဖြင့် တည်ထောင်ထားကြောင်း သိရသည်။
#MNP #News #Taunggyi
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment