ဘားအံ၊ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး ရပ်ကွက်/ကျေးရွာများ၊ အထင်ကရနေရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်သိပ္ပံနှင့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အခါအားလျှော်စွာ စုပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများနှင့် ကုတင်(၁၀၀)ဆံ့ အမှတ်(၂)တပ်မတော်ဆေးရုံတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မဲဘောင်၊ အခြေခံပညာအထက်တန်းကျောင်း (တောင်ကလေး)နှင့် ကုတင်(၁၀၀)ဆံ့ အမှတ်(၂) တပ်မတော်ဆေးရုံတို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၀၉၅ ဦးခန့်က စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ လှိုင်းဘွဲမြို့နယ်၊ အောက်ရေပူအောက် အခြေခံပညာမူလတန်းကျောင်း၏ (၃၅ပေ x ၃၀ပေ) ပန်းဖြူဆောင် RCC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်တို့က အကျယ် ၆ ပေ၊ အလျား ၁၅၀ ပေရှိ ကျောင်းအဝင်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုတည်ဆောက်ပြီးသည့် ကျောင်းဆောင်ကို ရေရှည်တည်တံ့ရန်နှင့် အစဉ်သန့်ရှင်းသာယာလှပစေရန် လက်ရှိကျောင်းတွင် တာဝန်ထမ်းဆောင်နေကြသော ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများက ထိန်းသိမ်းစောင့်ရှောက်ပေးကြရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် ကျောင်းကော်မတီများ၊ အကျိုးတော်ဆောင်များ၊ မိဘများအနေဖြင့် မိမိတို့၏သားသမီးပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ရောက်အောင် တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ဆရာမများအနေဖြင့်လည်း ပညာရည်ထူးချွန်ပြီး နိုင်ငံအတွက်အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော တပည့်ကောင်းများပေါ်ထွက်အောင် သင်ကြားပေးကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူများက ကျောင်းဆောင်သစ်နှင့် ကျောင်းအဝင်လမ်း တည်ဆောက်လှူဒါန်းပေးခြင်း၊ ကစားကွင်းပစ္စည်းများ လှူဒါန်းပေးခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ပညာရေးမှူးရုံးညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထီးလင်းဝင်းသာ-အထက်ရေပူ-အောက်ရေပူ- ကျောက်တောင်လမ်းပိုင်း ၁၄ ဒဿမ ၄၈၄ ကီလိုမီတာအနက် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၅၃၄ ဒဿမ ၃၉၀ သန်းဖြင့် ၁ ဒဿမ ၆ ကီလိုမီတာအား ၁၂ ပေအကျယ် ကတ္တရာလမ်းခင်းခြင်းနှင့် မြေသားတာဘောင်ချဲ့ခြင်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လမ်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ လမ်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း
#MNP #News #KayinState
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment